လေဖိအားနည်းရပ်ဝန်း ကုန်းတွင်းပိုင်းကိုဝင်ရောက်ပြီး အားလျော့ကျသွား
DVB
·
May 2, 2018
ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုတ္တမကွေ့အတွင်းမှ ဖြတ်သန်းကာ ကုန်းတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး အားလျော့ကျသွားပြီဖြစ်တယ်လို့ မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထုတ်ပြန်ပါတယ်။
မေ ၁ ရက် ညနေပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဟာ မွန်ပြည်နယ် ကမ်းရိုးတန်းကို ဖြတ်ကျော်ကာ ကုန်းတွင်းသို့ဝင်ရောက်ပြီး မနေ့ညနေ ၆ နာရီခွဲအချိန်က ကုန်းတွင်းပိုင်း မိုးအများဆုံးရွာသွန်းတဲ့ ဒေသဟာ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး တို့မှာလည်း မိုးကောင်းခဲ့တယ်လို့ ဆိုပါတယ်။
မိုးဇလဌာနရဲ့ မတ်လ ၂ ရက် ဒီကနေ့မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်မှာတော့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မုတ္တမကွေ့အနီး ဆက်လက်တည်ရှိနေပြီး နောက် ၁၂ နာရီအတွင်း ကုန်းတွင်းသို့ ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမယ်၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေမှ ၁၀ ပေခန့်နဲ့ ရခိုင်ကမ်းရိုးတန်း တလျှောက်မှာ ၄ ပေမှ ၆ ပေခန့် ရှိနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းထုတ်ပြန်ထားပါတယ်။