Home
မြန်မာသတင်း
မြန်မာတပ်မတော်သမိုင်းတွင် လိင်အကြမ်းဖက်မှုမရှိဟု ကာချုပ်ပြော
DVB
·
May 1, 2018
No Sexual Abuse Say Sr GN Min Aung Hlaing
မြန်မာ့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လိင်အကြမ်းဖက်မှုတွေ မရှိဘူးလို့   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံကို လာရောက်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့  ဧပြီ ၃၀ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမမှာ တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်လုပ်ဆောင်မှုတွေကြောင့်သာ ယခုကဲ့သို့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ရတာဖြစ်တယ်၊ တဖက်နိုင်ငံကို ထွက်ခွာသွားတဲ့ ဘင်္ဂါလီတွေကို နှစ်နိုင်ငံ သဘောတူညီချက်တွေနဲ့ အညီ ပြန်လည် လက်ခံနိုင်ဖို့ မြန်မာနိုင်ငံအနေနဲ့ အသင့်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ မေးမြန်းချက်တွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ ဒါ့အပြင်  တပ်မတော်အပေါ် လိင်အကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က  “မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာအရ စက်ဆုပ်ဖွယ် အပြုအမူအဖြစ် သတ်မှတ်ထားပြီး ပြင်ထန်စွာအရေး ယူဆောင်ရွက်နေတယ်၊ တပ်မတော်အနေနဲ့ ဒီလိုပြစ်မှုတွေကို ပိုမိုပြင်းထန်စွာ အပြစ်ပေးလျက်ရှိတယ်၊ မြန်မာ့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာလည်း ၎င်းကဲ့သို့ လိင်အကြမ်းဖက်မှုများ မရှိဘူး”လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ရာမှာ ဒေသခံတိုင်းရင်းသားတွေကိုလည်း  အလေးထား သာတူညီမျှတဲ့ ကူညီမှုတွေ ဆောင်ရွက်ပေးဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။ ပီရူးအမတ်ကြီး ဂတ်စ်တာဗို မီဇာကွာဒရာ ဗယ်လာစကွက်ဇ် ခေါင်းဆောင်တဲ့  လုံခြုံရေးကောင်စီ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ တပ်မတော်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တော ဒေသ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူတွေ  ပြန်လည်လက်ခံနိုင်မယ့် အခြေအနေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ စတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။ တပ်မတော် တာဝန်ရှိသူတွေက လုံခြုံရေးကောင်စီကိုယ်စားလှယ် အဖွဲ့ဝင်တွေကို  ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ၊ ဓာတ်ပုံမှတ်တမ်းစာအုပ်တွေကိုလည်း ပေးအပ်ခဲ့ပြီး ခိုင်မာတဲ့ အထောက်အထား စာရွက်စာတမ်းတွေနဲ့ ဓာတ်ပုံမှတ်တမ်းတွေကို သေချာစွာ လေ့လာပြီး ဖြစ်စဉ်ဖြစ်ရပ်မှန်တွေကို သိရှိအောင် ဆောင်ရွက်ကြဖို့၊ ရခိုင်ပြည်နယ်ကို သွားရောက်တဲ့အခါ ပွင့်လင်းစွာ မေးမြန်းပြီး နှစ်ဖက်မျှတစွာ စဉ်းစားသုံးသပ်ဖို့ တပ်မတော်က တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှအဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေ၊ အာဆီယံနဲ့ မြန်မာအိမ်နီးချင်းနိုင်ငံတွေက ကုလသမဂ္ဂဆိုင်ရာအဖွဲ့ရုံးတွေက အမြဲတမ်းကိုယ်စားလှယ်တွေလည်း ပါဝင် တက်ရောက်ခဲ့ကြပါတယ်။ တပ်မတော်ဘက်ကတော့ ကာကွယ်ရေးဦးစီးချုပ် အပါအ၀င်  ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးတွေ တက်ရောက်ကြပါတယ်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ပြီးနောက် မနေ့က  မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး လာရောက်တာဖြစ်ပြီး ဒီကနေ့ မေလ ၁ ရက်နေ့မှာ ရခိုင်ပြည်နယ်ကို ဆက်လက်သွားရောက် မှာဖြစ်ပါတယ်။ ဓာတ်ပုံ-CINCDS

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013