Home
မြန်မာသတင်း
ကျောက်ဆည် မေဒေးနေ့အခမ်းအနား ဗိုလ်ချုပ်ပန်းခြံတွင် လုပ်ခွင့်မရ
ပိုင်စိုး
·
April 29, 2018
ks mayday
  ကျောက်ဆည်မှာ ပြုလုပ်မယ့် မေဒေးနေ့ အခမ်းအနားကို ဗိုလ်ချုပ်ပန်းခြံမှာ လုပ်ခွင့်မပေးတာကြောင့် နေရာပြောင်းလိုက်ရတယ်လို့ ကျင်းပရေး တာဝန်ရှိသူတွေက ပြောပါတယ်။ လာမယ့် မေလ ၁ ရက်မှာ ကျရောက်တဲ့ မေဒေး (အလုပ်သမားနေ့) အခမ်းအနားတွေက မြို့တော်တော်များများမှာ ပြုလုပ်ဖို့ ပြင်ဆင်နေကြပြီး ချီတက်တာ၊ သဝဏ်လွှာဖတ်တာတွေ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ကျောက်ဆည်မြို့မှာ ပြုလုပ်မယ့် အလုပ်သမားနေ့အခမ်းအနားမှာ ဗိုလ်ချုပ်ပန်းခြံကို ချီတက် အလေးပြုပြီး သဝဏ်လွှာဖတ်ဖို့ စီစဉ်ထားပေမယ့် မရတာကြောင့် ပြောင်းလိုက်ရတယ်လို့ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ပြောပါတယ်။ “ငြိမ်းစုစီတင်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဗိုလ်ချုပ်ပန်းခြံဟာ အများပြည်သူ အပန်းဖြေရာ နေရာဖြစ်လို့ အဆင်မပြေဘူးလို့ ပြောတယ်။ အလေးပြုမယ်ဆိုရင် အဲဒီကို တိုက်ရိုက်လာ၊ ပြီးရင် အခမ်းအနားရုပ်သိမ်းပေါ့။ အဲဒီမှာ သဝဏ်လွှာဖတ်တာတွေ၊ ဟောပြောတာတွေ လုပ်မယ်ဆိုရင်တော့ အဆင်မပြေနိုင်ဘူးတဲ့” လို့ ပြောပါတယ်။ အတွင်းကို မဝင်ဘဲ အပြင်က အလေးပြုမယ်ဆိုရင်လည်း မရဘူးလို့ဆိုကြောင်း သူက ပြောပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို အလေးပြုမယ့် အစီအစဉ်ကို ဖျက်လိုက်တယ်လို့ ကျင်းပရေး ကော်မတီ နာယက က ပြောပါတယ်။ “အခုပဲ မြို့နယ်ထွေအုပ်က ဖိတ်လို့ သွားစကားပြောခဲ့တာ။ သူကတော့ ရည်ရွယ်ချက် ရှိရှိတဲ့ နှောင့်ယှက်တာ မဟုတ်ဘူးလို့ ပြောတယ်။ နားလည်မှု လွဲတာပေါ့လေ။ ကျနော်တို့ကလည်း ဗိုလ်ချုပ်ကြေးရုပ်ကိုသွားပြီး ခေါင်းညိတ် အလေးပြုနေမယ့် အစား ဗိုလ်ချုပ် ချမှတ်ခဲ့တဲ့ မူဝါဒတွေ၊ လမ်းစဉ်တွေကို ကျင့်သုံးတာက ပိုကောင်းတယ်လို့ တွေးပြီး အဲဒီကနေ နေရာပြောင်းပေးလိုက်တာပါ” လို့ ပြောပါတယ်။ ဒါကြောင့် ချီတက်ပွဲကို အာကာသ ကားဂိတ်ကနေ စတင်ပြီး မြို့တွင်းကို လှည့်လည်ပြီးနောက် ဆင်ပြိုင်ကွင်းမှာ အဆုံးသတ်မယ်လို့ သူက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013