မင်းလှတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၂ ဦး သေ၊ ၂၀ ဒဏ်ရာရ
DVB
·
April 29, 2018
မင်းလှမြို့နယ်၊ စစ္စနို့-ကန်တုတ် ကျေးရွာချင်းဆက် မိုင်တိုင် ၁၆/၁-၂ ကြားမှာ ဧပြီ ၂၈ ရက် ညနေပိုင်းက ယာဉ်တိမ်းမှောက်မှုကြောင့် ၂ ယောက်သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်မှာ ယာဉ်မောင်း လင်းမောင်မောင် မောင်းနှင်ပြီး ခရီးသည် ၂၀ လိုက်ပါလာတဲ့ လိုက်ထရပ်ယာဉ်ဟာ ဘီးပေါက်ပြီး တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ကျား ၁ ဦး၊ မ ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ယာဉ်မောင်းအပါအ၀င် ကျန်ခရီးသည် အယောက် ၂၀ လုံး ဒဏ်ရာရရှိခဲ့ကာ ၁၁ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဖော်ပြထားပါတယ်။
ရေနံမ နယ်မြေရဲစခန်းက ယာဉ်မောင်း လင်းမောင်မောင်ကို ယာဉ်ပေါ့ဆမှုကြောင့် လူသေမှု၊ ပြင်းထန်/သာမန် ဒဏ်ရာရစေမှုနဲ့ ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/၃၃၈/၃၃၇ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။