ပင်လယ်ဘူးမြို့တွင် ကျပ်သိန်း ၈၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
April 23, 2018
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့မှာ ဧပြီ ၂၂ ရက်နေ့ ညနေက ငွေကျပ်သိန်း ၈၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
ပင်လည်ဘူး- ကောလင်းသွား ကားလမ်းမကြီး မြေလင်းနဲ့ ပန်းခူးကျေးရွာကြားမှာ မြလှ နဲ့ စိုးဝင်းတို့ မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်နှစ်စီးကို ရှာဖွေရာမှ ဖမ်းဆီးမိခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
စိုးဝင်းရဲ့ မော်တော်ဆိုင်ကယ်ရှိ အိတ်အတွင်းမှ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါရောင် အမှုန့် တစ်ခွက်ကို ၁၀ ဂရမ်ပါ ဆပ်ပြာခွက် ၆၆ ခွက် ကာလတန်ဖိုး ငွေကျပ်သိန်း ၆၆၀ ကျပ်နှင့် WY စာတန်းပါ စိတ်ကြွ ဆေးပြား ၁၉၀ ပြားပါ အထုပ် ၂၀ ထုပ်၊ ကာလတန်ဖိုး ငွေကျပ်သိန်း ၁၉၀ ကျပ်၊ စုစုပေါင်း ငွေကျပ်သိန်း ၈၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စိုးဝင်း ၂၅ နှစ်နဲ့ မြလှ ၃၃ နှစ်တို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။