အင်းတော်မြို့နယ်တွင် ကျပ်သိန်း ၅၀၀ ကျော်တန်ဖိုး မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
January 3, 2018
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် နဘားလမ်းဆုံမှာ ကျပ်သိန်း ၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဇန်နဝါရီ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့စု(၆) ကသာမှ ရဲအုပ်ကျော်မင်းထွန်း က ပြောပါတယ်။
ဇန်နဝါရီ ၂ ရက် ညနေ ၅ နာရီလောက်က မူးယစ်တပ်ဖွဲ့စု (၆) ကသာမှ ရဲအုပ်ကျော်မင်းထွန်း ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေဟာ သတင်းအရ အင်းတော်- မိုးညှင်းသွား ကားလမ်း မိုင်တိုင်အမှတ် ၂၃၄ နားမှာ စောင့်ဆိုင်းနေချိန် အင်းတော်မြို့ဘက်မှ အောင်ဌေး မောင်းနှင်ပြီး နောက်မှာ မောင်ငွါးယိုရဲ လိုက်ပါလာတဲ့ ဆိုင်ကယ်နဲ့ ထွန်းစိန် မောင်းနှင်ပြီး နောက်မှာ မောင်အားဒီးဆာ လိုက်ပါလာတဲ့ ဆိုင်ကယ်နှစ်စီးကို ရပ်တန့်စစ်ဆေး ရှာဖွေရာမှ ဖမ်းဆီးရမိခဲ့တာပါ။
“ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား (၇၅၄၀) ပြား 88 နှင့် 1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၄၄၀ ပြား ခန့်မှန်းကာလတန်ဖိုး ကျပ်သိန်း ၅၄၉ သိန်းခန့်ရှိတယ်”လို့ ကသာမူးယစ်တပ်ဖွဲ့စု (၆) မှ ရဲအုပ် ကျော်မင်းထွန်းက ပြောပါတယ်။
အင်းတော်မြို့မရဲစခန်းမှ မန်တုံမြို့နယ် ဟိုတုံရွာနေ အောင်ဌေး (၄၅-နှစ်)၊ ပူတာအိုမြို့နယ် ညဲဆာလာဒီရွာ မောင်ငွါးယိုရဲ (၃၂-နှစ်)နဲ့ အားဒီဆာ (၂၉-နှစ်)၊ မြောက်ဦးမြို့ ကုန်းကျေးရွာနေ ထွန်းစိန် (၃၁-နှစ်)တို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)