အင်းတော်တွင် ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
November 9, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နဘားလမ်းဆုံမှာ ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို နိုဝင်ဘာ ၈ ရက်ညက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့က ပြောပါတယ်။
နိုဝင်ဘာ ၈ ရက် ည ၁၀ နာရီအချိန်က မူးယစ်တပ်ဖွဲ့စု (၆) ကသာတပ်ဖွဲ့ဝင်တွေ၊ နဘားကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့ဟာ မူးယစ်ဆေးဝါးသတင်းအရ နဘားလမ်းဆုံမှာ စောင့်ဆိုင်းနေစဉ် ကသာဘက်မှ အေးမြတ်မိုး (ခ) မအေးအေး မောင်းနှင်လာတဲ့ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာမှ တွေ့ရှိဖမ်းဆီးရမိခဲ့တာလို့ ဖမ်းဆီးရာမှာပါဝင်တဲ့ ရဲအုပ်ကျော်မင်းထွန်းက ပြောပါတယ်။
ဆိုင်ကယ်နောက် တင်လာတဲ့ ပီနံအိတ်အတွင်းမှ ဘိန်းဖြူ ၁၀ ဂရမ်လောက်စီပါ ရောင်စုံဘိန်းဖြူ ဆပ်ပြာခွက် ၁၁၀ ခွက်၊ ၁၁၀၀ ဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်း ၁၁၀၀ လောက်ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ တနိုင်းမြို့မှာ ပယင်းလုပ်ကိုင်ရင်း ခင်မင်ခဲ့သူ မြင့်မြင့်ခိုင် (ခ) မခိုင်က ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာမှ တနိုင်းမြို့အထိ ဆိုင်ကယ်နဲ့ သယ်ဆောင်ပေးဖို့ ငွေကျပ် ၅ သိန်း ပေးမယ်ဆိုပြီး ပြောတာကြောင့် သယ်ဆောင်လာတာဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
မှုးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ အေးမြတ်မိုး (ခ) မအေးအေး နဲ့ မြင့်မြင့်ခိုင် (ခ) မခိုင် တို့ကို အင်းတော်မြို့မ ရဲစခန်းက မူးစိတ်ပုဒ်မ ၁၉(က)/၂၁ အရ အရေးယူထားကြောင်း သိရပါတယ်။
ကိုကိုလင်း(အင်းတော်)