Home
မြန်မာသတင်း
လိင်အကြမ်းဖက်မှု ပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ်ချမှတ်ရေး လှုပ်ရှားမှု အနုပညာရှင်များ ပါဝင်မည်
DVB
·
March 14, 2018
2
3
3
လိင်အကြမ်းဖက်မှု ပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ်ချမှတ်ရေး တောင်းဆိုတဲ့ ဆန္ဒပြုခြင်းနဲ့ မျှဝေဆွေးနွေးခြင်း လှုပ်ရှားမှုတရပ်ကို ကန်တော်ကြီး မျှော်စင်ကျွန်းမှာ လာမယ့်မတ်လ ၁၈ ရက်နေ့  ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုပွဲကို အနုပညာရှင်တွေလည်း ပူးပေါင်းပါဝင်မှာဖြစ်ပြီး  မတ်လ ၁၃ ရက်နေ့က ဆရာစံပလာဇာရှိ CBC Ball Room ခန်းမမှာ “လိင်အကြမ်းဖက်မှု ပပျောက်ရေး ကြီးလေးပြစ်ဒဏ်ချမှတ်ပေး” ဆန္ဒပြုခြင်းနဲ့ မျှဝေဆွေးနွေးခြင်း စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုမှာ ပါဝင်သွားမယ့် အလှမယ်၊ မော်ဒယ် ထားထက်ထက်က “ထားထက်တို့ မြင်နေရတယ်၊ ကြားနေရတယ်။ မုဒိမ်းမှုတွေက မနှစ်ကထက်ကို ပိုများလာတာကို တွေ့ရပါတယ်။ အဲဒီအတွက် ထားထက်တို့ ၂၀၁၆ ခုနှစ်က လုပ်ခဲ့တဲ့ ပညာပေးပုံစံအတိုင်းပဲ လာမယ့် ၁၈ ရက်နေ့မှာပြုလုပ်မယ့် ပညာပေးအစီအစဉ်မှာ ပါဝင်သွားမယ်။ ကျူးလွန်တဲ့သူတွေကို ထောင်ဒဏ်တွေ တိုးမြှင့်အပြစ်ပေးစေချင်တယ်။ ထောင်ဒဏ်ထက်ကို ပိုကြီးတဲ့အပြစ်ရှိရင် ပေးဖို့ ထားထက်တို့ အားလုံးစုပေါင်းပြီး တောင်းဆိုသွားမယ်” လို့ ပြောပါတယ်။ လိင်အကြမ်းဖက်မှုနဲ့ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ကြီးလေးသောပြစ်ဒဏ်တွေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် မပေးသင့်တဲ့ အချက်အလက်တွေကို လွှတ်တော်အထိ တင်သွင်း တောင်းဆိုသွားမယ်လို့  ဒီလှုပ်ရှားမှုမှာ ပါဝင်မယ့် ကိုဇေယျာထွန်းက ပြောပါတယ်။ “ကျနော်တို့တွေအပြင် ဒီတောင်းဆိုမှုက ပြည်သူတရပ်လုံးကလည်း တက်ညီလက်ညီ ပါဝင်ကြမယ်၊ အနုပညာရှင်တွေကလည်း ပါဝင်ကြမယ်။ အားလုံး ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်။ အဲဒီနေ့ကျရင် အားလုံး လာရောက်ကြဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။” ဒီပွဲမှာ လိင်အကြမ်းဖက်မှုအတွက် ပြစ်ဒဏ်တိုးမြှင့်ဖို့ ကြိုးပမ်းနေတဲ့ လွှတ်တော်အမတ်တွေ၊ အစော်ကားခံရပြီး အသတ်ခံခဲ့ရတဲ့ ကလေးငယ်တွေရဲ့ မိသားစုဝင်တွေ၊ လိင်အကြမ်းဖက်ခံခဲ့ရသူတွေ၊ လိင်အကြမ်းဖက်ခံရသူတွေကို ကူညီပေးနေသူတွေ  အစရှိသူတွေရဲ့ စကားသံတွေနဲ့ ကလေးငယ်တွေ သိထားသင့်တဲ့ ကဗျာတွေ ရွတ်ဆိုကာ လိင်အကြမ်းဖက်မှုများ ရပ်တန့်လျော့ကျရေးအတွက် ဖယောင်းတိုင်ထွန်း ဆုတောင်းကြမှာ ဖြစ်ပါတယ်။ ဒီပညာပေးအစီအစဉ် ဆုတောင်းပွဲကို ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ အနုပညာရှင်တွေ၊ ပရဟိတအဖွဲ့တွေနဲ့ ပြည်သူတွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ကြယ်စု

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013