ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကားနှင့် ဆိုင်ကယ်တိုက်၊ ၂ ဦးသေ
DVB
·
March 1, 2018
ရန်ကုန်-မန္တလေးလမ်းဟောင်း ကွန်ကရစ်လမ်း မိုင်တိုင် ၃၅၂/၆ နဲ့ ၇ အကြား ဝမ်းတွင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၂၈ ရက်ညပိုင်းက ကားနဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်စီးလာသူ ၂ ဦးလုံး သေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။
ဝမ်းတွင်းမြို့နယ် မြောက်ဘက်သို့ ဝင်းသူအောင် မောင်းနှင်ပြီး ဆန်းလှိုင်ဝင်း လိုက်ပါလာတဲ့ ဆိုင်ကယ်ဟာ ကုန်တင်ကားနဲ့ မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်စီးလာသူ ၂ ဦးလုံး သေဆုံးကာ ကားကတော့ မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။
ဝမ်းတွင်းမြို့မ စခန်းမှူး ဒုရဲမှူး မြင့်သန်းက “ဝင်းသူအောင်ကတော့ ခေါင်းကွဲတယ်။ ဗိုက်ပေါက်သွားတယ်။ ပေါင် ၂ ဖက်လုံး ကျိုးသွားတယ်။ ဆန်းလှိုင်ဝင်းက ခေါင်းကွဲပြီး နားနှာခေါင်းတွေ သွေးထွက်နေတယ်။ နေရာတင် ၂ ဦးလုံး သေဆုံးတယ်။ ဝမ်းတွင်းဆေးရုံ ပို့ပေးရတယ်။ တိုက်သွားတဲ့ ကုန်တင်ကားကို ရှာဖွေစုံစမ်းနေပါတယ်” လို့ ပြောပါတယ်။
ဝမ်းတွင်းမြို့မရဲစခန်းမှာ ဝင်းသူအောင်နဲ့ ကုန်တင်ကားမောင်းသူ(စုံစမ်းနေဆဲ) ကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေမှု၊ ထွက်ပြေးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၀၂ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)