ဥက္ကံတွင် ယာဉ်တိုက်မှုကြောင့် ၁ ဦးသေ၊ ၈ ဦး ဒဏ်ရာရ
DVB
·
February 23, 2018
တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ ရွာမကျေးရွာအုပ်စု ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းက လမ်းဘေးရပ်ထားတဲ့ ခရီးသည်တင်ဟိုင်းလတ်ကားကို မီးသွေးတွေတင်ဆောင်လာတဲ့ နီဆန်ယာဉ်က ဝင်တိုက်ခဲ့တာကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဥက္ကံနယ်မြေရဲစခန်းက ပြောပါတယ်။
အမူစစ်ဒုရဲအုပ် မင်းသူက “ယာဉ်မောင်း ဦးညိုကြီး မောင်းနှင်လာတဲ့ ခရီးသယ်တင်ယာဉ်က မိုင်တိုင်အမှတ် ၆၄ မိုင် ၆ ဖာလုံအရောက် လမ်းဘေးမှာရပ်ပြီး ပန်းသီးခြင်းတင်နေတာ။ ပြည်ဘက်ကနေ ရန်ကုန်ကိုမောင်းလာတဲ့ နီဆန်အမျိုးအစား ကုန်တင်ယဉ်က အနောက်ကဝင်တိုက်ခဲ့တာ။ ခရီးသယ်တင်ကားက လမ်းဘေးထိုးကျခဲ့ပြီး ခရီးသယ်အမျိုးသမီးတဦးကားပေါ်ကပြုတ်ပြီး နောက်ကကားကတက်နင်းသွားတာ။ နေရာမှာတင် သေသွားခဲ့တယ်။ ကျန်တဲ့ရှစ်ယောက်ကတော့ ထိခိုက်ဒဏ်ယာရတယ်။ ဥက္ကံဆေးရုံကို ပို့ထားတယ်။ နှစ်ဦးကတော့ ရန်ကုန်ပို့လိုက်ရတယ်။ ကျန်တဲ့ခြောက်ဦးကတော့ ဥက္ကံဆေးရုံမှာပါ” လို့ ပြောပါတယ်။
ဥက္ကံနယ်မြေရဲစခန်းက ထွက်ပြေးသွားတဲ့ကုန်တင်ယာဉ်မောင်း(စုံစမ်းဆဲ) ကို ယာဉ်ဆင်မချင်မောင်းနှင်လို့ လူသေဆုံးထိခိုက်ဒဏ်ရရှိမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ က/၃၃၈/၃၃၇/၂၀၂ တို့နဲ့ အမူဖွင့်ဆောင်ရွက်ထားပါတယ်။
သတင်း-မေသွယ်