မိုင်းတုံမြို့နယ်တွင် လုံခြုံရေးတပ်သား ၁ ဦး စနိုက်ပါဖြင့် ပစ်ခံရ
DVB
·
February 7, 2018
ရှမ်းပြည်နယ် မိုင်းတုံမြို့နယ် မိုင်းတုံ-ပုံပါကျင်သွား ကားလမ်းမ မော်စလီကျေးရွာအနီးမှာ လမ်းလုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော် စစ်သည် တဦး ဒီကနေ့ မနက် ၁၀ နာရီလောက်က ချောင်းမြောင်းပစ်ခံခဲ့ရလို့ သေဆုံးသွားတယ်လို့ အခင်းဖြစ်ရာနေရာကို ရောက်ရှိ စစ်ဆေးခဲ့တဲ့ အရာရှိတယောက်က ပြောပါတယ်။
တောင်စောင်းပေါ်ကနေ အသံတိတ်ကိရိယာ တပ်ထားတဲ့ သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ ယူဆရပြီး သေနတ်သံလည်း မကြားခဲ့ရသလို အနီးနားတဝိုက်မှာ ကျည်ခွံလည်း ရှာမတွေ့တာကြောင့် အဝေးကနေ စနိုက်ပါနဲ့ ပစ်တာလို့ ယူဆတယ်လို့ အဲဒီအရာရှိက ဆိုပါတယ်။
ပစ်ခတ်ခံရသူကတော့ မိုင်းတုံမြို့ ခလရ ၂၂၅ က တပ်သားအဆင့်ရှိတဲ့ ဓူဝံ ဆိုသူဖြစ်ပြီး ရင်ညွန့်ကို ဖောက်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတာလို့ နယ်ခံ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။
အခင်းဖြစ်ပွားတဲ့ မော်စလီကျေးရွာအနီး တောင်ကုန်း ၅ ခုမှာ UWSA စစ်ဒေသ ၁၇၁ က တပ်ဖွဲ့ဝင်တွေ ဖြန့်ခွဲထားရှိတာဖြစ်ပြီး ပစ်ခတ်ခံရတာနဲ့ပတ်သက်လို့တော့ တစုံတရာ ပြောဆိုခြင်း မရှိပါဘူး။
လတ်တလော အဲဒီရွာနားပတ်ဝန်းကျင်ကို တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ဟာ ရှမ်းပြည်နယ်နေ့ ဖြစ်တာကြောင့် အထိမ်းအမှတ် အခမ်းအနားတွေ ကျေးလက် မြို့ပေါ်ဒေသတွေမှာပါ ကျင်းပနေချိန်လည်း ဖြစ်ပါတယ်။
သတင်း - အောင်ဇေယျ(မိုင်းတုံ)