မြင်းခြံမြို့နယ် ဖွံ့ဖြိုးရေး ကျပ်သိန်း ၁ သောင်းကျော် အသုံးပြုခဲ့
DVB
·
February 3, 2018
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် စည်ပင်သာယာရေးကော်မတီက မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှာ ငွေကျပ် သိန်းပေါင်း ၁ သောင်း ကျော် အသုံးပြုခဲ့တယ်လို့ စည်ပင်က ပြောပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ မြင်းခြံမြို့နယ် စည်ပင်သာယာရေး ကော်မတီအနေနဲ့ ကောက်ခံရရှိတဲ့ အခွန်ငွေများထဲမှ သာမာန်အသုံးပြုငွေဟာ ကျပ်သိန်းပေါင်း ၅၀၆၀၀ ကျော် ရှိခဲ့ပြီး၊ အခြား လမ်းတံတားနဲ့တည်ဆောက်ရေးလုပ်ငန်းတွေအတွက် ကျပ်သိန်းပေါင်း ၆၀၃၀၀ ကျော် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်မှာတော့ ကောက်ခံရရှိတဲ့ အခွန်ငွေဟာ ကျပ်သိန်းပေါင်း ၁၀၃၄၂ သိန်း ကျော်ရှိခဲ့ပြီး၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှာတော့ ကောက်ခံရရှိတဲ့ အခွန်ငွေပေါင်းဟာ ငွေကျပ် သိန်းပေါင်း ၁၁၉၆၆ သိန်းအထိ ရရှိခဲ့ပြီး၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် ကျပ် သိန်းပေါင်း ၂၈၀၀ ကျော်အထိ တိုးမြင့် ကောက်ခံရရှိခဲ့တယ်လို့ ပြောပါတယ်။
မြင်းခြံမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင့်သူက "ကျနော်တို့ စည်ပင်က ကိုယ့်ငွေနဲ့ကိုယ် ရပ်တည်ရတာပါ။ ဝန်ကြီးဌာနတွေနဲ့ မတူတာကတော့ အခြားဝန်ကြီးဌာနတွေက နိုင်ငံတော်ဆီမှာ တောင်းခံလို့ရတယ်။ မိမိတို့မြို့ကိုလည်း ကောက်ခံရရှိတဲ့ အခွန်ငွေနဲ့ အသုံးပြုရတာပါ။ ပြီးတော့ စစ်ကိုင်း၊ ကျောက်ဆည်၊ ညောင်ဦး စတဲ့ မြို့တွေဆိုရင် ကျနော်တို့ မြင်းခြံထက် အခွန်ငွေ ပိုမိုရရှိနေတာပါ။ မန္တတိုင်းထဲမှာတော့ မြင်းခြံမြို့က အခွန်ငွေရရှိမှု အနည်းဆုံးပါပဲ။ ၂၀၁၇-၂၀၁၈ ဘတ်ဂျက်နှစ်မှာတော့ ကျနော်တို့ စည်ပင်က အဆင့်မြင့်ကတ္တရာလမ်းတွေကို ယခင်နှစ်ထက် ၂ မိုင် ၆ ဖာလုံကျော်ပိုပြီး ခင်းပေးနိုင်ခဲ့ပါတယ်။ ရပ်ကွက်နေ ပြည်သူတွေလည်း ပူးပေါင်းပါဝင်တာတွေရှိခဲ့ပါတယ်။ လာမယ့် ဘတ်ဂျက်နှစ်မှာတော့ ရေမြောင်းတွေကို အဓိကထားပြီး လုပ်ဆောင်သွားမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
မြင်းခြံမြို့ပေါ် ရပ်ကွက်တွေက လမ်းတွေကို ပြန်လည်ပြုပြင်ရာမှာ ရပ်ကွက်နေပြည်သူလူထုရဲ့ ထည့်ဝင်ငွေနဲ့အတူ မြင်းခြံစည်ပင်မှ ကတ္တရာစေးနဲ့ လမ်းခင်းရာမှာ အသုံးပြုတဲ့စက်များ ကူညီပံ့ပိုးပေးနေတာလည်း ဖြစ်ပါတယ်။
“စည်ပင်က လမ်းတွေပြင်ပေးနေတာ ကောင်းပါတယ်။ ရပ်ကွက်တွေကလည်း မိမိတို့လမ်းတွေကို ကောင်းစေချင်တော့ ပိုက်ဆံတွေထည့်ပြီး လမ်းပြင်နေကြတာပါ၊ စည်ပင်အနေနဲ့က ကတ္တရာစေးနဲ့ စက်တွေတော့ ကူညီတာပေါ့။ ဒါပေမယ့် တကယ်လမ်းကောင်းဖြစ်ဖို့ဆိုရင် စည်ပင်က ကူညီတဲ့ ကတ္တရာစေးက ပါဝင်မှုက နည်းတော့ ထင်သလောက်လမ်းတွေ မကောင်းပါဘူး” လို့ ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။
သတင်း ရီရီထွန်း (မြင်းခြံ)