Homeမြန်မာသတင်း
မြင်းခြံမြို့နယ်တွင် မိလ္လာရေ စွန့်ထုတ်မှုကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်မှာ စိုးရိမ်
မြင်းခြံမြို့နယ်တွင် မိလ္လာရေ စွန့်ထုတ်မှုကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်မှာ စိုးရိမ်
DVB
·
March 2, 2018
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရွာစည်ကျေးရွာရှိ မြရိပ်ညို ဘော်ဒါဆောင်ကနေ ကျေးရွာလမ်းတွေပေါ်မှာ စွန့်ထုတ်တဲ့ မိလ္လာရေအနံ့တွေကြောင့် အနံ့အသက် မခံနိုင်ဘဲ ကျန်းမာရေး ထိခိုက်လာမှကို ကျေးရွာလူထုတွေက စိုးရိမ်နေပါတယ်။
ရွာစည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းလွင်က “ခုလို မိလ္လာရေ စွန့်ထုတ်တာ မကြာခဏ ပြုလုပ်နေတာပါ။ ကျနော်တို့ ခေါ်ယူညှိနှိုင်းပေးတော့လည်း လက်မခံဘူး။ အနံ့အသက်တွေက အတော်ဆိုးနေတာပါ။ ခုက ပတ်ဝန်းကျင် လူတွေလည်း ဒီအနံ့ဆိုးကြောင့် ကျန်းမာရေး ထိခိုက်လာမှာ သေချာတယ်။ ခေါ်ယူသတိပေးတာတွေ လုပ်ခဲ့ပေမဲ့ မထိရောက်ဘူး။ ကျနော်တို့ သက်ဆိုင်ရာတွေကို တင်ပြထားပါတယ်”လို့ ပြောပါတယ်။
မြင်းခြံမြို့နယ် ရွာစည်ကျေးရွာမှာ မြင်းခြံ ဒီဂရီကောလိပ် ဖွင့်လှစ်ထားတာကြောင့် ဒေသခံတွေဟာ ကျောင်းသား ကျောင်းသူတွေ နေထိုင်နိုင်ဖို့ ဘော်ဒါဆောင်တွေ ဖွင့်လှစ်ထားကြတာလည်း ဖြစ်ပါတယ်။
မြရိပ်ညို ဘော်ဒါဆောင်ပိုင်ရှင် ဦးတိုးမြိုင်က “မိလ္လာရေကို သက်သက်စွန့်ထုတ်တာ မဟုတ်ပါဘူး။ မတော်တဆ ဖြစ်သွားခဲ့တာပါ။ ပိုက်လိုင်းချိန်းတာ အဆင်မပြေလို့ ခုလို ဖြစ်သွားတာပါ”လို့ ဆိုပါတယ်။
ခုလို မိလ္လာရေတွေကို ကျေးရွာလမ်းမတွေပေါ်မှာ စွန့်ထုတ်နေလို့ လူသွားလမ်းတွေ ပျက်စီးနေပြီး၊ အနံ့အသက် မကောင်းတာတွေ၊ ခြင် ယင်တွေ ပေါများနေတာတွေကြောင့် ဒေသခံ ပြည်သူတွေဟာ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေကြတယ်လို့ ပြောဆိုနေကြတာပါ။
ရွာစည်ကျေးရွာ ဒေါ်ဝင်းကြည်က “ခုလိုမိလ္လာရေတွေ စွန့်ထုတ်နေတာ ၂ နှစ်လောက်ရှိပါပြီ။ သက်ဆိုင်ရာကို တိုင်ကြားတော့ လာစစ်ကြတာပဲရှိတာ။ ဘာမှ မထူးခြားပါဘူး။ ခုက နေ့ရော ညပါ စွန့်ထုတ်နေတော့ ဘယ်လိုမှ အနံ့အသက် မခံနိုင်ပါဘူး။ လမ်းသွားလမ်းလာတွေဆို အော့အန်နေကြတယ်၊ ခု လမ်းတွေကလည်း ပျက်စီးနေပြီ။ ဒီလိုတွေ မလုပ်အောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိထိရောက်ရောက် အရေးယူပေးဖို့ လိုပါတယ်”လို့ ပြောပါတယ်။
မြင်းခြံမြို့နယ် ရွာစည်ကျေးရွာမှာ ဘော်ဒါဆောင်ပေါင်း ၁၀၀ လောက်ရှိပြီး မကြာခဏ ဆိုသလို ရေဆိုးရေညစ် စွန့်ထုတ်တာတွေ မိလ္လာရေ စွန့်ထုတ်တာတွေကြောင့် ဒေသခံ ပြည်သူတွေ သက်ဆိုင်ရာကို တိုင်ကြားမှုခဲ့ပေမယ့် ထိရောက်အောင် အရေးယူ ဆောင်ရွက်တာမျိုး မရှိခဲ့ပါဘူး။
သတင်း - ရီရီထွန်း(မြင်းခြံ)