Home
မြန်မာသတင်း
မိတ္ထီလာကန် ရေပေးမြောင်းအတွင်း အမျိုးသား ၁ ဦး ရေနစ်သေဆုံး
DVB
·
November 6, 2017
die
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ နိုဝင်ဘာ ၅ ရက်နေ့လယ်ပိုင်းက မကျီးခြောက်ရွာအနီး မိတ္ထီလာကန်မှ စိုက်ပျိုးရေးသုံးဖို့ ပေးထားတဲ့ ရေမြောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသားတဦး ရေနစ်သေဆုံးတယ်လို့ မိတ္ထီလာအမှတ် ၂ ရဲစခန်း တာဝန်ကျ အရာရှိတဦးက ပြောပါတယ်။ ဖြစ်စဉ်မှာ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ ၂ နေ အသက် ၄၉ နှစ်ရှိ ကိုမြင့်သန်းနဲ့ ကိုဝေလင်းတို့နှစ်ဦး မကျီးခြောက်ရွာအနီးက ရေမြောင်းမှာ အတူတူ ရေဆင်းချိုးကြကြောင်း၊ ရေဆင်းချိုးတဲ့နေရာမှာ ရေပြွန်ကြီးတခုရှိနေပြိး ကိုမြင့်သန်းက ရေပြွန်နှုတ်ခမ်းပေါ်ကနေ ရေထဲကို ခုန်ချရာမှ ရေစုပ်အားနဲ့ ရေပြွန်ထဲပါသွားပြီး ရေနစ်သေဆုံးခဲ့တာလို့ အမှတ် ၂ ရဲစခန်း ဒုရဲအုပ်ချစ်ဇော်ဝိုင်းက ပြောပါတယ်။ "မြောင်းနဲ့အပြည့် ရေလွှတ်ထားတာ တွေ့ရတယ်။ အချင်း ၃ ပေကျော်တဲ့ ရေပြွန်ထဲလည်း ရေအပြည့်လာနေတယ်။ အရှည်က ၁၀ ပေကျော်တယ်၊ ဒီဘက်က ရေပြွန်ထဲဝင်သွားရင် တဖက်ကိုပြန်အထွက်မှာ ရေနစ်သေဆုံးနိုင်တယ်။ ပြင်ပဒဏ်ရာတစုံတရာ မတွေ့ရပါဘူး။ ခွဲစိတ်စစ်ဆေးဖို့ မိတ္ထီလာဆေးရုံ ပို့ပေးတယ်။" မကျီးခြောက်ရွာခံတဦးက "ဒီရေမြောင်းမှာ ရေနစ်သေတာ ခဏခဏဖြစ်တယ်။ ပြီးခဲ့တဲ့လကလည်း တဦးရေနစ်သေဆုံးမှု ဖြစ်သေးတယ်။ အန္တရာယ်ရှိတယ်၊ သတိပေးထားသင့်တယ်" လို့ ပြောပါတယ်။ မိတ္ထီလာအမှတ် ၂ ရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၁၃/၂၀၁၇ နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013