တာချီလိတ်တွင် ကားမောင်းလာသူအား ဆိုင်ကယ်ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်
DVB
·
October 14, 2017
တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်၊ အာခါဈေးအနီးမှာ ဒီနေ့ နေ့လယ်ပိုင်းက ဆိုင်ကယ်မောင်းနှင်လာသူ ၂ ဦးက မော်တော်ကားမောင်းနှင်လာသူကို သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သေနတ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အပစ်ခံရတဲ့သူဟာ အာခါတိုင်းရင်းသားဖြစ်ပြီး အရေးပေါ်အခြေအနေကြောင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။
“အမှုကတော့ စုံစမ်းနေတုန်းပဲ၊ ကားပေါ်ပါလာတာ လူ ၂ နှစ်ယောက်၊ တယောက်ပဲ မှန်တယ်။ ၅ ချက်လောက်မှန်သွားတာ အခုတော့ ဆေးရုံပို့ထားတယ်။ ဘာကြောင့် ပစ်တယ်ဆိုတာ စုံစမ်းနေတုန်းပါပဲ” လို့ တာချီလိတ်မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ် အေးလွင်က ပြောပါတယ်။
အပစ်ခံရသူ စီးနင်းလာတဲ့ကားမှာ TOYOTA Fotuner အမျိုးအစားဖြစ်ပြီး ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးမှာ ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ အနီးပတ်ဝန်းကျင်နေထိုင်သူတွေက ပြောပါတယ်။
"သေနတ်နဲ့ပစ်သွားတာ ၂ ယောက်။ ဆိုင်ကယ်စီးလာတာ ကားနားရောက်မှ သေနတ်နဲ့ပစ်သွားတာ၊ ဆက်တိုက်ပစ်တာ မှန်တာတော့ တစ်ယောက်တည်းပဲ၊ ကားမောင်းတဲ့သူကို ပစ်တာ။ ဒါကြောင့် ကားက လမ်းဘေးဝင်တိုက်ပိသွားတာ" လို့ မျက်မြင်တဦးကပြောပါတယ်။
သေနတ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်လှစ်ကာ အနီးဝန်းကျင်မှာရှိတဲ့ CCTV တွေမှာ စစ်ဆေးနေပြီး လိုက်လံစုံစမ်းနေတယ်လို့ သိရပါတယ်။
၂၀၁၇ ခုနှစ်အတွင်း တာချီလိတ်မြို့မှာ သေနတ်နဲ့ပစ်ခတ်တဲ့ လူသတ်မှုပေါင်း ၅ မှုဖြစ်ပွားခဲ့ကာ တရားခံအများစုက မှုခင်းဖြစ်ပွားပြီး တဖက်နိုင်ငံကို ထွက်ပြေးသွားလေ့ရှိတယ်လို့ တာချီလိတ်မြို့မရဲစခန်းက သိရပါတယ်။
သတင်း-ကိုဇက် (တာချီလိတ်)
ဓာတ်ပုံ-တာချီလိတ်နာရေးကူညီမှုအသင်း