တာချီလိတ်တွင် နေအိမ် ၁ လုံး မီးလောင်၊ အမျိုးသမီး ၁ ဦး သေဆုံး
DVB
·
September 29, 2017
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရန်အောင်မြေ (ပါလျံ-၂) ရပ်ကွက်မှာ ဖယောင်းတိုင်မီးကတဆင့် နေအိမ်တလုံး မီးလောင်ကျွမ်းခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါတယ်။
ရန်အောင်မြေ (ပါလျံ-၂) ရပ်ကွက်မှာ စက်တင်ဘာ ၂၈ ရက်၊ ည ၉ နာရီ ၃၀ မိနစ်လောက်က ဝါးထရံကာ၊ သွပ်မိုး နေအိမ်တလုံး မီးလောင်မှုဖြစ်ပွားရာ အမျိုးသမီး ၁ ဦး မီးလောင် သေဆုံးခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ ရန်အောင်မြေ (ပါလျံ-၂)ရပ်ကွက်နေ ဦးအားချိုရဲ့ နေအိမ်မှာ ဇာဂရိ ဆိုသူက အိပ်ခန်းအတွင်း ဖယောင်းတိုင်ထွန်းပြီး အိပ်ပျော်သွားရာမှ ဖယောင်းတိုင်မီးမှတဆင့် ဝါးထရံကို မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
မီးလောင်မှုကို တာဝန်ရှိသူတွေနဲ့ မီးသတ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၉ နာရီ ၄၅ မိနစ်လောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မီးလောင်မှုကြောင့် ဝါးထရံကာ၊ သွပ်မိုး (၁ဝ) ပတ်လည် အိပ်ခန်းသုံးခန်းမီးလောင် ကျွမ်း ခဲ့ပြီး၊ ယာဘက်အစွန်းဆုံးအခန်းနေ ဒေါ်ဝင်း ၅၀ နှစ်မှာ မီးလောင်သေဆုံးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေအိမ်မှ ဇာဂရိကို တာချီလိတ်မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ခရိုင်ပြန်/ဆက်