မြိတ်တွင် ယာဉ် ၃ စီး ဆင့်တိုက်မှု ဖြစ်ပွား၊ ၂ ဦး ဒဏ်ရာရ
DVB
·
August 3, 2017
တနင်္သာရီတိုင်း မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ညောင်ပင်ကြီးလမ်းဆုံမှာ သြဂုတ် ၂ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်လောက်က ယာဉ် ၃ စီး ဆက်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မြိတ်တောင်နယ်မြေ၊ ထားဝယ်ကမ်းလမ်းဆုံကနေ ကန်ဘောင်ရိုးရပ်ကွက်ဘက်ကို မင်းကိုနိုင် မောင်းနှင်လာတဲ့ ထော်လာဂျီ (ရေသယ်ယာဉ်) ဟာ ဘုရားကိုင်လမ်းဆုံအနီး တြိဂံချွန်းမှာ သိန်းထွန်းကျော်ရဲ့ ဆိုင်ကယ်ကို ၀င်တိုက်ပြီးနောက် အခြားတက္ကစီဆိုင်ကယ်တစီးကို ထပ်မံဝင်တိုက်ခဲ့တာဖြစ်ပါတယ်။
“ဦးမြတ်လေးလမ်းမကြီးအတိုင်း မင်းကိုနိုင်ဆိုတဲ့ကောင်လေးက ထော်လာဂျီကို အရှိန်ပြင်းနဲ့မောင်းလာတယ်။ ဘုရာကိုင်လမ်းဆုံ တြိဂံတုံးနားအရောက်မှာ ဘုရားကိုင် လမ်းဘက်ကနေ ဦးမြတ်လေးလမ်းဘက်ကို မောင်းလာတဲ့ သိန်းထွန်းကျော်ဆိုင်ကယ်ကို ဝင်တိုက်ပြီး လက်ကိုင်ကို ချိုးချလိုက်တော့ အခြားတက္ကစီ ဆိုင်ကယ်တစီးကို တိုက်မိတယ်။ သိန်းထွန်ကျော်က ဘယ်ဘက်ခြေသလုံးကျိုးကြေသွားတယ်။ တက္ကစီဆိုင်ကယ်နောက်က ထိုင်လိုက်လာတဲ့ အမျိုးသမီးက ခေါင်းပေါက်တယ်၊ ညာဘက်ခြေသလုံး ပေါက်ပြဲသွားတယ်” လို့ ရဲအုပ် လှမျိုးဝေက ပြောပါတယ်။
မြိတ်မြို့မရဲစခန်းမှ အသက် ၁၆ နှစ်အရွယ် မင်းကိုနိုင်ကို ယာဉ်ပေါ့ဆစွာ မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ-၃၃၇/၃၃၈ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
မြတ်ထွဋ် (မြိတ်)