ရန်ကုန်-မန္တလေး ကားလမ်းတွင် ယာဉ် ၅ စီး ဆင့်တိုက်မှု ဖြစ်ပွား
DVB
·
July 28, 2017
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့၊ ဝဲဒေါင့်ကျေးရွာအနီး ရန်ကုန်-မန္တလေးကား လမ်းဟောင်းမှာ ဒီနေ့ မနက် ၅ နာရီ ခွဲလောက်က လမ်းဘေးချရပ်ထားတဲ့ ကုန်တင်ယာဉ် ၄ စီးကို ၂၂ ဘီးယာဉ်က ၀င်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၂/၇ အနီးမှာ ဝင်းဇော်ထွန်း မောင်းလာတဲ့ ၂၂ ဘီးယာဉ်က တဖက်ယာဉ်ကြောလမ်းရဲ့ ဘေးမှာ အစဉ်လိုက်ရပ်ထားတဲ့ ၆ ဘီးယာဉ် ၃ စီးနဲ့ ၂၂ ဘီးဆီဘောက်ဆာယာဉ်တို့ကို ဝင်ရောက်တိုက်မိခဲ့တာဖြစ်ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ ဒဏ်ရာရှိမှုတော့မရှိခဲ့ဘူးလို့ ဖြူးမြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
“လမ်းဘေးမှချပြီး ညအိပ်ရပ်နားထားတဲ့ ၆ ဘီကားသုံးစီးနဲ့ ၂၂ ဘီးတစီးကို ၂၂ ကားကပဲဝင်တိုက်တာပါ။ ယာဉ်မောင်းအိပ်ငိုက်ပြီး တိုက်မိတာလို့တော့ ထင်ပါတယ်။ လူတွေတော့ ထိခိုက်တာမရှိပါဘူး။ ယာဉ်တွေကတော့ ပျက်စီးတာပေါ့။ အခုအမှုဖွင့် အရေးယူမှုတွေ လုပ်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဖြူးမြို့မ ရဲစခန်းက ယာဉ်မောင်း ၀င်းဇော်ထွန်းကို ယာဉ်အားမဆင်မခြင်မောင်းနှင် ဥပဒေပုဒ်မ-၂၇၉ နဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-ကျော်အောင် (ကညွတ်ကွင်း)