ကချင်ပြည်နယ် မိုးမောက်တွင် ဗုံးပေါက်၊ ပြည်သူ့စစ်ခေါင်းဆောင်သေဆုံး
ပိုင်စိုး
·
July 22, 2017
ကချင်ပြည်နယ်၊ မိုးမောက်မြို့ဈေးနားမှာ ဒီနေ့မနက်က ဆိုင်ကယ်က ဗုံးပေါက်ကွဲပြီး ပြည်သူ့စစ် ခေါင်းဆောင်တစ်ယောက် သေဆုံးသွားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
မိုးမောက်မြို့နယ်၊ မဲဆန္ဒနယ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက“ဗိုလ်မှူးက လက်ဖက်ရည်ဆိုင်ထဲကအထွက် အနားက ဆိုင်ကယ်ကနေ ပေါက်ကွဲတာ။ ဆေးရုံအရောက်မှာပဲ အသက်မပါတော့ဘူး။ အဲဒီဆိုင်ကယ်က သုံးပိုင်း ပိုင်းသွားတယ်။ ဘေးမှာ ကွမ်းယာရောင်းနေတဲ့ ကောင်လေးကတော့ ညာဘက်တခြမ်းလုံးထိသွားလို့ ဗန်းမော်ဆေးရုံကို ခေါ်သွားတယ်။ နောက်ကောင်လေးတစ်ယောက်ကတော့ အစနည်းနည်း မှန်သွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူဟာ ကောင်းခါးဌာနေပြည်သူ့စစ် ခေါင်းဆောင် ဗိုလ်မှူးနော်ဆန်းဖြစ်ပြီး ဒီနေ့မနက် ၉ နာရီ မိနစ် ၂၀ လောက်မှာ ဖြစ်ခဲ့တာပါ။ အဆိုပါ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ မိုးမောက်ရဲစခန်းကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားတဲ့ လူငယ်တဦးကတော့ ဆေးရုံမှာ အရေးပေါ် ခွဲစိတ်ကုသမှုပြီးသွားပြီး အသက်အန္တရယ်မရှိတော့ဘဲ အခြေအနေတည်ငြိမ်နေတယ်လို့ ဗန်းမော်ပြည်သူ့ ဆေးရုံအုပ်ကပြောပါတယ်။