Home
မြန်မာသတင်း
မြိတ်တွင် သက်ငယ်မုဒိမ်းမှုပပျောက်ရေး ပြင်းထန်သည့်ပြစ်ဒဏ်များ ချမှတ်ရန် ဆန္ဒထုတ်ဖော်
DVB
·
July 16, 2017
child5
child4
child2
child1
child
child3
မြိတ်မြို့မှာ သက်ငယ်မုဒိမ်းမှုပပျောက်ရေးအတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ပေးဖို့အတွက် လူထုလှုပ်ရှားမှုအသွင် ဆန္ဒထုတ်ဖော်မှုတစ်ခုကို ဇူလိုင် ၁၆ ရက်က ပြုလုပ်ခဲ့ပါတယ်။ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ သက်ငယ်မုဒိန်းမှုပပျောက်ရေးအတွက် မြိတ် မြို့မှဒေသခံတွေ စုပေါင်းချီတက်ကာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး အသိပညာပေး ဟောပြောမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ မြိတ်မြို့၊ မြိတ်တောင်နယ်မြေအုပ်ချုပ်ရေးမှူးရုံးရှေ့မှတဖွဲ့၊ လေယာဉ်ကွင်းအနီး၊ ဂေါက်ကလပ်ရှေ့မှတစ်ဖွဲ့ ၂ ဖွဲ့ခွဲကာ မြိတ်တောင်ကျေးရွာအုပ်စု၊ အရှေ့သိမ် ကျောင်းရှေ့ကို ချီတက်ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။ “သက်ငယ်မုဒိမ်းမှုက အခုတလော အတော်များများဖြစ်လာတဲ့ အတွက်လူထုအကြား အသိပညာရစေချင်တာရယ်၊ ဌာနဆိုင်ရာတွေအနေ နဲ့ ပြစ်ဒဏ်ကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်စေချင်တာရယ်ကြောင့် ဆန္ဒထုတ်ဖော်ရတာ ဖြစ်ပါတယ်။ စစ်ကြောင်း ၂ ကြောင်းနဲ့ ချီတက်ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်” လို့ ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်လှုပ်ရှားခဲ့သူ ဒေါ်ရှင်ဌေးက ပြောပါတယ်။ လက်ရှိသက်ငယ်မုဒိမ်းမှုကို ၃၇၆ ပုဒ်မဖြင့်သာ ပြုလုပ်ထားတာတွေ့ရသေးပြီး တစ်ကယ်လို့ ပြစ်မှုကျူးလွန်ခဲ့ရင် အနည်းဆုံးအနှစ် ၂၀ အထိ အပြစ် ဒဏ်ပေးစေချင်တယ်လို့ ဒေါ်ရှင်ဌေးက ဆိုပါတယ်။ ဆန္ဒထုတ်ဖော်ပွဲမှာ ရန်ကုန်မြို့က ရောက်ရှိနေတဲ့ ဒေါက်တာဖြိုးသီဟနဲ့  ရှေ့နေများကွန်ရက်က ရှေ့နေဦးလွင်အောင်တို့က အသိပညာပေးဟော ပြောခဲ့ကြပါတယ်။ “ဆန္ဒထုတ်ဖော်ပွဲကို လာရတာက သက်ငယ်မုဒိမ်းမှုကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်စေချင်လို့ပါ။ ဒါက မဖြစ်သင့်တဲ့ ကိစ္စပါ။ သက်ငယ်မုဒိမ်းမှုကို ထိထိရောက်ရောက် အပြစ်ဒဏ် ချမှတ်စေချင်ပါတယ်” လို့ ဆန္ဒထုတ်ဖော်ပွဲကို တက်ရောက်သူ မအေးသွယ် ကဆိုပါတယ်။ ဆန္ဒထုတ်ဖော်ပွဲကို အင်အား ၄၀၀ ကျော်တက်ရောက်ခဲ့ပြီး အသိပညာပေး ဟောပြောပြီးနောက် တက်ရောက်လာသူများက ကြွေးကြော်သံများ ဟစ်ကြွေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013