သာစည်-ရပ်စောက် ရထားပေါ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ၂ ဦး ဖမ်းမိ
DVB
·
July 13, 2017
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သာစည်-ရပ်စောက်ရထား တွဲအမှတ် ၁၀၈၄၃ အထက်တန်းတွဲမှာ ဇူလိုင်လ ၁၁ ရက် ည ၈ နာရီက ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ်ကြွဆေးပြား ၁၉၂ သိန်းဖိုးလောက် ဖမ်းဆီးရမိခဲ့တယ်လို့ ယင်းတမာပင် ရဲစခန်းက ပြောပါတယ်။
ရပ်စောက်ဘက်က ဆင်းလာတဲ့ ရထားကို ဘုရားငါးဆူးနဲ့ယင်းမာပင်ကြားရာ ခုံအမှတ် A8 နဲ့ D6မှာ ထိုင်လာတဲ့ သူရကျော်(ခ)ဇင်လှိုင် နဲ့ ဇနီးဖြစ်သူ မဝင်းမာထွေး တို့နှစ်ဦးဆီက ရှာဖွေသိမ်းဆည်း ရမိခဲ့တာပါ။
ဒုရဲအုပ်ချစ်ကိုကို က “မူးယစ်တပ် ဖွဲ့က ရဲအုပ်ခွန်အောင်ကိုကို နဲ့ပူးပေါင်းဖမ်းပါတယ်။ ပင်နဆလင်ပုလင်းနဲ့ ဘိန်းဖြူ ၀ ဒသမ ၁ ဂရမ်၊ စိတ်ကြွဆေးပြား ၂၉၉၃ ပြား၊ ဆေးခြောက် ၆ ကီလိုဂရမ်၊ အဝါရောင်ဘိန်းဖြူမှုန့် ၅ ဂရမ်ဖမ်းမိတယ်။ ကာလတန်ဖိုး ၂၉၂သိန်း ၆ သောင်း ၅ ထောင်ဖိုး ဖမ်းမိပါတယ်” လို့ ပြောပါတယ်။
ယင်းမာပင်ရွာ ရဲစခန်းက သူရကျော်(ခ)ဇင်လှိုင် နဲ့ ဇနီးဖြစ်သူ မဝင်းမာထွေး တို့ နှစ်ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ပုဒ်မ သုံးစွဲ/လက်ဝယ်ထား/ရောင်းချ/ထုတ်ဖြန့် ၁၅/၁၉-က/၂၀-က/၂၁ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)