Home
ဆောင်းပါး
ကျွဲ၊ နွား၊ ဆိတ်၊ ဝက် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးစေဖို့ သားသတ်လိုင်စင် လေလံစနစ်က အခြေခံဥပဒေကို ဆန့်ကျင်
DVB
·
June 1, 2017
YeTun(ThiPaw)01062017
သားသတ်လိုင်စင်စနစ်ဟာ လက်ဝါးကြီးအုပ်စနစ်သာ ဖြစ်ပြီး ဈေးကွက်စီးပွားရေးစနစ် မဟုတ်လို့ ပယ်ဖျက်သင့်တဲ့ အကြောင်းကို ပထမအကြိမ် လွှတ်တော်သက်တမ်းကာလမှာ ပြောဆိုခွင့်ရခဲ့တာက ထူးခြားတယ်။ လွှတ်တော်ထဲမှာ ပြောခဲ့ရတာမဟုတ်ဘူး။ သမ္မတဦးသိန်းစိန်ကို ပြောခွင့်ရခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ စည်ပင်သာယာရေးကိစ္စတွေနဲ့ ပတ်သက်ရင် ဥပဒေပြုခွင့်အာဏာက ပြည်ထောင်စုလွှတ်တော်မှာ မရှိဘဲ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာ ရှိတာဖြစ်လို့ပါ။ မြို့နယ်စည်ပင်သာယာရေးကော်မတီတွေက ချထားပေးတဲ့ သားသတ်လိုင်စင် စနစ်က လေလံမှာ ဈေးအမြင့်ဆုံး ဈေးပေးနိုင်တဲ့ တဦးတဖွဲ့တည်းက၊ အသားသတ်ခွင့် သာမက သယ်ယူခွင့်၊ ရောင်းချခွင့်ပါ ရသွားတာဖြစ်တော့ တပိုင်တနိုင် မွေးမြူရေးသမားတွေက ကိုယ်မွေးထားတဲ့ ကျွဲ၊ နွား၊ ဆိတ်၊ ဝက် စတဲ့ တိရစ္ဆာန်တွေကို သတ်ဖြတ်ခွင့်၊ သယ်ယူရောင်းချခွင့် မရှိပါဘူး။ အဲဒီလို ရောင်းချခွင့် မရှိတဲ့အတွက် မွေးမြူတဲ့သူတွေက ဈေးအနှိမ်ခံရပါတယ်။ လိုင်စင်စီပေးတဲ့ဈေးက မကိုက်လို့ မရောင်းချင်ဘူး ဆိုပြန်တော့ ကိုယ့်ဘာသာကို အသားပေါ်ပြီး ရောင်းချခွင့်လည်း မရှိပြန်ပါဘူး။ ပြည်တွင်းမှာ ဈေးမကိုက်လို့ ပြည်ပကို ပို့ချင်တယ် ဆိုတော့လည်း အဲဒီလိုင်စင်ရတဲ့သူတွေပဲ သယ်ခွင့်ရှိတာပါ။ အဲဒီတော့ လိုင်စင်စီ လုပ်သမျှ မွေးမြူရေးသမားက ငုံ့ခံရပါတော့တယ်။ ဒီလိုဈေးနှိမ်ခံရတော့ အစဉ်အလာ သမားရိုးကျ မွေးမြူရေးစနစ်တွေနဲ့ မွေးမြူတဲ့ ကျွဲ၊ နွား၊ ဝက်၊ ဆိတ်တွေက မရှုံးပါဘူး။ ဒါပေမယ့် အချိန်တိုတိုအတွင်းမှာ ပြည့်ဝစာ (Complete Feed) ကျွေးပြီး အများအပြား မွေးမြူထုတ်လုပ်နိုင်တဲ့ အသားတိုး တိရစ္ဆာန်တွေအတွက် စီးပွားရေး တွက်ခြေမကိုက်ပါဘူး။ အိမ်နီးချင်း အိန္ဒိယ အရှေ့မြောက်ဒေသ၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေက ဝယ်လိုအား ရှိပေမယ့် ကျနော်တို့က မတင်ပို့နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သမားရိုးကျ မွေးမြူရေးစနစ်နဲ့ မွေးထားတဲ့ တိရစ္ဆာန်များ ဖြစ်တာကြောင့် အချိန်တိုအတွင်းမှာ အများအပြားမရနိုင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် သားသတ်လိုင်စင်စနစ်နဲ့ ဈေးကွက်ကို ပိတ်ထားတာရဲ့ အကျိုးဆက်ကတော့ ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ သိုး စတဲ့ တိရစ္ဆာန် မွေးမြူရေးတွေဟာ မျိုးသစ်၊ နည်းပညာသစ်တွေ ဖြန့်ပေးနိုင်တဲ့ CP လို ကုမ္ပဏီကြီးတွေ ရှိပေမယ့် ကြီးထွားဖွံ့ဖြိုးမလာတာပါ။ ဒီအကြောင်းကိစ္စကို လွှတ်တော်မှာ ဆွေးနွေးဖို့ ကျနော်က စဉ်းစားတော့ အခြေခံ ဥပဒေအရ စည်ပင်ဥပဒေတွေနဲ့ပတ်သက်ရင် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုပိုင်ခွင့် မရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒါကို ဆွေးနွေးနေရင်လည်း အပိုအချိန်ဖြုန်းတာပဲ ဖြစ်မယ်၊ ဘယ်လို လုပ်ရမလဲ စဉ်းစားနေတုန်း သမ္မတဦးသိန်းစိန်က ချင်းပြည်နယ်ခရီးစဉ် တခုကို အတူခေါ်သွားတဲ့အတွက် အခွင့်အရေးတခု ရပါတယ်။ အဲဒီတုန်းက သူ့ခရီးစဉ်မှာ လွှတ်တော်ကိုယ်စားလှယ်ထဲက ကျနော်ရယ်၊ ဦးစောသိန်းအောင်ရယ်၊ ဦးခွန်လိန်းရယ် လိုက်ပါခွင့် ရခဲ့ပါတယ်။ ကလေးမြို့ ရောက်တဲ့အခါ၊ ညအချိန် အစည်းအဝေးလုပ်ကြတော့ ကျနော်တို့ကိုလည်း တက်ခွင့်ပေးပါတယ်။ အဲဒီထဲမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးရော၊ ချင်းပြည်နယ်က ဝန်ကြီးချုပ်ရော ပါပါတယ်။ သမ္မတက ချင်းပြည်နယ် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘာတွေ ဆောင်ရွက်ထားသလဲလို့ မွေး/ရေဝန်ကြီး ဦးအုန်းမြင့်ကို မေးတဲ့အခါ ဦးအုန်းမြင့်က နို့စားနွားမ ဘယ်နှကောင် ပို့မယ်အကြောင်း၊ အသားစားဖို့ နွားနောက်မွေးမြူရေးအတွက် ပြင်ဆင်ထားကြောင်း စသဖြင့် ပြောပြပါတယ်။ အဲဒီအခါ ကျနော်က မနေနိုင်တော့ဘဲ ဝင်ပြောလိုက်ပါတယ်။ သမ္မတကြီး မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေချင်ရင်တော့ စည်ပင်သာယာရဲ့ သားသတ်လိုင်စင် လေလံစနစ်ကို ဖျက်သိမ်းဖို့ လိုပါတယ်။ အဲဒါက လက်ဝါးကြီးအုပ်စနစ် ဖြစ်နေလို့ အဲဒီစနစ် မဖျက်မချင်း မွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာဖို့ အကြောင်းမမြင်ဘူး။ ဒါ့အပြင် ဒီစနစ်က အခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့ ဈေးကွက်စီးပွားရေးစနစ်ကိုလည်း ဆန့်ကျင်နေပါတယ်လို့ ပြောလိုက်ပါတယ်။ ခေတ်မီမျိုးသစ်တွေ၊ နည်းစနစ်သစ်တွေနဲ့ အများအပြား ထုတ်လုပ်နိုင်တဲ့ အသားတိုး ကျွဲ၊ နွား၊ ဆိတ်၊ ဝက် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဈေးကွက် လွတ်လပ်ဖို့ လိုပါတယ် ဆိုတော့၊ သမ္မတက ကျနော် ပြောတာကို ချက်ချင်း လက်ခံသဘောတူပါတယ်။ ဟုတ်တယ်၊ သားသတ်လိုင်စင် လေလံစနစ်ကို ဖျက်ရမယ်။ ကိုသာအေးတို့ စစ်ကိုင်းတိုင်းမှာ ဘယ်လို လုပ်ထားသလဲ၊ လေလံပစ်ပြီးပြီလားလို့ မေးပါတယ်။ ဦးသာအေးက သားသတ်လိုင်စင်တွေ ဒီနှစ်အတွက် လေလံပစ်ပြီးပါပြီ။ သတ်မှတ်ထားတဲ့ဈေးထက် ပိုရောင်းရင်၊ အလေးချိန် မပြည့်ရင် အရေးယူဖို့ စည်းကမ်းချက်တွေ ဘယ်လို ထည့်ထားပါတယ် ဆိုတဲ့အကြောင်း ပြောပါတယ်။ အဲဒီအခါ သမ္မတက ငွေမသွင်းရသေးဘူး ဆိုရင် အဲဒါ ရပ်လိုက်တော့။ ကိုရဲထွန်း ပြောတာ မှန်တယ်။ သားသတ်လိုင်စင်စနစ် ရှိနေရင် မွေးမြူရေးသမား ဒုက္ခရောက်တယ်လို့ ပြောလိုက်ပါတယ်။ အစည်းအဝေးပြီးလို့ ကိုယ့်အိပ်ခန်းကို ပြန်လာကြတဲ့အခါ မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့် လိုက်လာပြီး၊ ကျနော့်ကို ပြောပါတယ်။ ‘ကိုရဲထွန်း၊ လုပ်အုံးဗျ။ မွေးမြူရေး တိုးတက်ဖို့ သားသတ်လိုင်စင်စနစ် ဖျက်ရမယ်လို့ ကျနော် အစိုးရအဖွဲ့မှာ ပြောခဲ့ဖူးတယ်။ သူတို့က လက်မခံဘဲ၊ ဝိုင်းဟားကြတယ်ဗျ။ ခင်ဗျား ပြောမှ ဖြစ်တော့မှာ’လို့ ပြောတော့.. ကျနော်က ‘ဟုတ်ကဲ့ပါ ကျနော် တတ်နိုင်သမျှ ကြိုးစားပါ့မယ်’လို့ ကတိပေးလိုက်ပါတယ်။ သမ္မတဝန်ကြီးရုံးမှာလုပ်တဲ့ အစည်းအဝေး နေပြည်တော်ကို ပြန်ရောက်တဲ့ညနေ လေယာဉ်ပေါ်က ဆင်းတဲ့အခါ သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ကျနော်ကို ဦးရဲထွန်း၊ အစည်းအဝေးမှာတုန်းက သမ္မတကြီး ဘယ်လိုမှာသွားတာလဲဆိုပြီး သေချာအောင်ထပ်မေးပါတယ်။ ကျနော်က မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သားသတ်လိုင်စင်စနစ်ကို ဖျက်သိမ်းရမယ်။ ဒါပေမယ့် အဲဒါနဲ့ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းပိုင်ခွင့်က ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာပဲ ရှိတာမို့၊ အဲဒီ စည်ပင်သာယာရေးဥပဒေတွေကို ပြင်ရမယ်၊ အဲဒီလိုလုပ်ဖို့ ဘာကြောင့် လိုအပ်တဲ့အကြောင်း ရှင်းပြဖို့ပြောထားတာပါ ဆိုတော့ ဦးလှထွန်းက မှတ်စုစာအုပ်မှာ သေသေချာချာမှတ်ပြီး ကျနော်တို့ အစည်းအဝေးလုပ်တဲ့အခါ ဦးရဲထွန်းကို ခေါ်လိုက်မယ်ဆိုပြီး မှာပါတယ်။ အဲဒီအချိန်က နေပြည်တော်မှာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပနေတဲ့အချိန် ဖြစ်တာမို့ ကျနော်လည်း နေပြည်တော်မှာပဲ ရှိပါတယ်။ နောက်တပတ်လောက်အကြာမှာ ဦးလှထွန်းရဲ့ သမ္မတရုံးဝန်ကြီးဌာနက အစည်းအဝေးတက်ဖို့ ဖိတ်စာရပြီး၊ နောက်ရက်မှာ ကားနဲ့ လာခေါ်ပါတယ်။ အဲဒီအစည်းအဝေးကို ဦးလှထွန်းက ဦးစီးကျင်းပပြီး၊ မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်၊ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ထွန်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ တိုင်းဒေသကြီးပြည်နယ် ၁၄ ခုက စည်ပင်ညွှန်ချုပ်တွေ စုံစုံညီညီ တက်ရောက်ကြပါတယ်။ ဦးလှထွန်းက အဖွင့်အမှာစကား ပြောပြီးတဲ့နောက်မှာ၊ ပြည်ထဲရေး ဒုတိယဝန်ကြီးက သားသတ်လိုင်စင်စနစ်နဲ့ ပတ်သက်ပြီး စည်ပင်ဥပဒေဘယ်လိုရှိကြောင်း၊ အဲဒီတည်ဆဲဥပဒေအရ တိရစ္ဆာန် သယ်ယူပို့ဆောင်တာတွေနဲ့၊ တရားမဝင် သားသတ် ရောင်းချမှုတွေနဲ့ ပတ်သက်ပြီး ဥပဒေနဲ့မညီရင် ဖမ်းဆီးရတာတွေရှိကြောင်း ရှင်းလင်းပြပါတယ်။ အဲဒီနောက် စည်ပင်သာယာညွှန်ချုပ်အသီးသီးက ကိုယ့်တိုင်းဒေသကြီး၊ ပြည်နယ်တွေနဲ့သက် ဆိုင်တဲ့၊ သားသတ်လိုင်စင်စနစ်ကို ဘယ်လို လုပ်ကိုင် ဆောင်ရွက်ထားကြောင်းနဲ့ သားသတ်လိုင်စင်ချထားမှုက ဒေသတခုလုံး စည်ပင်ဝင်ငွေရဲ့ ၆၀ ရာခိုင်နှုန်းကနေ ၇၀-၈၀ ရာခိုင်နှုန်း အထိရှိကြောင်း ပြောဆိုတင်ပြသွားကြပါတယ်။ စည်ပင်ညွှန်ချုပ်တွေ အားလုံးရဲ့ ပြောဆိုဆွေးနွေးမှုတွေက သားသတ်လိုင်စင်စနစ်ကို ပယ်ဖျက်ဖို့ မသင့်ဘူးဆိုတဲ့ ဘက်ကို ဦးတည်နေပါတယ်။ အဲဒီနောက် ကျနော်ဆွေးနွေးတဲ့ အလှည့်ကျပြီး ဆွေးနွေးတဲ့အခါ ရိုးရိုးပြောလို့မရဘူး။ ကမ္ဘာနဲ့ချီပြီး ပြောဆိုဆွေးနွေးမှ ရတော့မယ်ဆိုတာ သိလိုက်ပါတယ်။ ဒါနဲ့… ယနေ့မျက်မှောက်ကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတိုင်းလိုလိုမှာ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေကြကြောင်း။ ဈေးကွက်စီးပွားရေးစနစ်မှာ လွတ်လပ်စွာ ထုတ်လုပ်၊ လွတ်လပ်စွာသယ်ယူ၊ လွတ်လပ်စွာသိုလှောင်၊ လွတ်လပ်စွာ ရောင်းချနိုင်ခွင့် ပေးထားကြောင်း၊ ဈေးနှုန်းများကိုမကန့်သတ်ဘဲ ဈေးကွက်အတွင်း ဝယ်လိုအား ရောင်းလိုအားတွေအရပဲ ဈေးနှုန်းအတက်အကျကို ခွင့်ပြုထားကြောင်း၊ အစိုးရက စည်းကမ်း၊ ဥပဒေထုတ်ပြီး ဈေးနှုန်းများကို ထိန်းချုပ်တဲ့နည်းဟာ ရေရှည်မှာ အလုပ်မဖြစ်တဲ့အပြင် ထုတ်လုပ်ရေး ကျဆင်းခြင်း၊ မှောင်ခိုဈေးကွက် ပေါ်လာခြင်း၊ ကုန်ပစ္စည်း အရည်အသွေးညံ့ဖျင်းလာခြင်း စတဲ့ ဆိုးကျိုးများကိုသာပေးကြောင်း။ ထို့အတူ လေလံစနစ်နဲ့ တဦးတည်း တယောက်ထဲကို ရောင်းချခွင့်၊ သယ်ယူခွင့်တွေပေးထားပြီး ရောင်းဈေးကို ကန့်သတ်ထားတဲ့ စနစ်ဟာ လက်ဝါးကြီးအုပ်စနစ်ဖြစ်လို့ ထုတ်လုပ်သူများ၊ မွေးမြူသူများ ထိခိုက်နစ်နာမှာ ဖြစ်ကြောင်း၊ အထူးသဖြင့် ခေတ်မီမျိုးသစ်၊ နည်းစနစ်သစ်များနဲ့ မွေးမြူတဲ့ တိရစ္ဆာန်များဟာ အရင်းအနှီးများများသုံးပြီး၊ အချိန်တိုအတွင်း ဈေးကွက်ဝင်အောင် မွေးရတာဖြစ်လို့ ဈေးနှုန်းနိမ့်ရင် မမွေးနိုင်ကြောင်း၊ ခေတ်မီမျိုးသစ်တွေ မမွေးနိုင်ရင် မွေးမြူရေးလောက ဖွံ့ဖြိုးတိုးတက်လာဖို့ မဖြစ်နိုင်ကြောင်း ဆွေးနွေးရပါတယ်။   တဆက်တည်းမှာ တရုတ်ပြည် အတွေ့အကြုံတွေ ပြောရပါတယ်။ ဆန်စပါး၊ သားငါးစတဲ့ လယ်ယာထွက်ကုန် မလုံလောက်တဲ့၊ ဟိုတုန်းက တရုတ်ပြည်မှာ  ထုတ်လုပ်ရေး တိုးတက်စေလိုတဲ့ စေတနာနဲ့ ဘုံလယ်ယာတွေဖွဲ့ပြီး ထုတ်လုပ်ရေး မွေးမြူရေးတက်အောင် လုပ်ခဲ့ဖူးကြောင်း၊ ဈေးနှုန်းများကိုသာမက စားသုံးမှုကိုလည်း ရိက္ခာလက်မှတ်များနဲ့ စနစ်တကျ ထိန်းချုပ်ထားခဲ့ကြောင်း။ သို့သော် စိုက်ပျိုးထုတ်လုပ်သူတွေမှာ၊ ကိုယ်လုပ်သလောက်ကိုယ် အကျိုးမခံစားရတဲ့အတွက် မအောင်မြင်ခဲ့ကြောင်း၊ ဗဟိုချုပ်ကိုင်စီမံကိန်းချ စီးပွားရေးစနစ် ဖြစ်တဲ့အတွက် မအောင်မမြင် ဖြစ်ခဲ့တဲ့အပြင် လူဦးရေသန်း ၂၀ လောက် အငတ်ဘေးသင့်ပြီး သေဆုံးခဲ့ဖူးကြောင်း။ ၁၉၇၆ ခုနှစ်နောက်ပိုင်း တိန့်ရှောက်ဖြင် တက်လာတဲ့အခါမှ ဈေးကွက်စီးပွါးရေးစနစ်ကို ပြောင်းလဲကျင့်သုံးလာနိုင်တဲ့အတွက် စိုက်ပျိုးမွေးမြူရေးရော၊ စက်မှုကုန်ထုတ်ကုန်ပစ္စည်းပါ တိုးတက်လာခဲ့ကြောင်း၊ စသဖြင့် ရှည်ည်ရှည်ဝေးဝေး ရှင်းပြလိုက်ပါတယ်။ နောက်တချက် အရေးကြီးတာက အစိုးရတရပ်ရဲ့ အဓိကတာဝန်ဟာ ပြည်သူတွေဆီက အခွန်များများရအောင် ကောက်ဖို့  အာရုံစိုက်ရမှာမဟုတ်ဘဲ၊ ဝင်ငွေရှိတဲ့ အလုပ်အကိုင်များများ ဖန်တီးပေးနိုင်ရေးကို အဓိကအာရုံစိုက်ရမှာ ဖြစ်ကြောင်း၊ အလုပ်အကိုင်တွေ ပေါများပြီး၊ ဝင်ငွေတွေ ရလာတဲ့အပေါ်မှာမှ သင့်တော်စွာ အခွန်ကောက်ခံရေးကို ဆောင်ရွက်သင့်ကြောင်း။ အခွန်များများ ကောက်ခံရရှိရေးအတွက် အာရုံစိုက်လုပ်လိုက်လို့၊ ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ပိတ်ပင်တားဆီးရာရောက်ရင် ဒီအခွန်ကောက်ခံမှုမျိုးကို မလုပ်သင့်ကြောင်း စသဖြင့် လေလံလက်ဝါးကြီးအုပ်စနစ် မလုပ်သင့်ပုံကို ရှင်းပြပါတယ်။ နောက်ဆုံးအနေနဲ့ ဒီသားသတ်လိုင်စင်လေလံလက်ဝါးကြီးအုပ် စီးပွားရေးစနစ်ကို ဖျက်သိမ်းမယ်ဆိုရင်တော့ ပြည် ထောင်စုလွှတ်တော်မှာ ဥပဒေပြုပိုင်ခွင့်မရှိတဲ့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေကသာ ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောရင်းနိဂုံးချုပ်လိုက်ပါတယ်။ အဲဒီအစည်းအဝေးက ဆုံးဖြတ်ချက်မချပါဘူး။ ကျနော်တို့ ပြောဆို ဆွေးနွေးချက်တွေကို မှတ်တမ်းရေးမှတ်ပြီး သမ္မတဆီ အစီရင်ခံချက်ပေးပို့တာပါ။ ကျနော့်တာဝန်ကလည်း အစည်းအဝေး တက်လာသူတွေကို မွေးမြူရေးလုပ်ငန်း တိုးတက် ဖွံ့ဖြိုးစေချင်ရင် သားသတ်လုပ်ငန်းလိုင်စင်စနစ် ဖျက်သိမ်းသင့်တဲ့အကြောင်း ရှင်းပြရတာပါပဲ။ သားသတ်လိုင်စင်လေလံစနစ်ပျက်ပြီ…သို့သော် နောက်မကြာခင်မှာဘဲ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ သားသတ်လိုင်စင် လေလံစနစ် ဖျက်သိမ်းပြီး လွတ်လပ်စွာ ရောင်းချခွင့်ရှိဘို့အတွက် စည်ပင်သာယာရေး ဥပဒေတွေကို ပြင်ဆင်တာတွေ လုပ်ခဲ့ကြပါတယ်။ ဒီနောက်ပိုင်းမှာ အပြိုင်ရောင်းချတဲ့စနစ်ကို ခွင့်ပြုလာပါတယ်။ ဈေးကွက်အတွင်းမှာ အသားဝယ်တဲ့အခါ အလေးမခိုး၊ ရေမထိုးတဲ့ ဆိုင်တွေ အပြိုင်အဆိုင် ရောင်းချလာတာ တွေ့ရပါတယ်။ သို့သော်လည်း လွတ်လွတ်လပ်လပ် လူတိုင်းရောင်းချခွင့်ရှိတဲ့ စနစ်မျိုးတော့ မဟုတ်သေးပါဘူး။ ကျနော့်အနေနဲ့ ရှမ်းပြည်နယ်လွှတ်တော်တွေမှာ သားသတ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ စည်ပင်ဥပဒေကို ပြင်ဆင်တဲ့အခါ ဝင်ရောက်ဆွေးနွေးဘို့ အဲဒီတုန်းက ဝန်ကြီးချုပ် စောဝ်အောင်မြတ်က ခွင့်ပြု ဖိတ်ခေါ်ခဲ့ပေမယ့် အစီအစဉ်ပျက်သွားခဲ့ပါတယ်။ ပြင်ဆင်ပြီးနောက်ပိုင်း ထွက်လာတဲ့ စည်ပင်သာယာဥပဒေကိုလည်း မဖတ်ရပါဘူး။ သို့သော်လည်း နောက်ပိုင်းမှာ ကျွဲ နွား သယ်ယူပို့ဆောင် ရောင်းချတာတွေနဲ့ ပတ်သက်ပြီး၊ ဖမ်းတာ၊ ဆီးတာ ထောင်ချတာခံရတဲ့ သတင်းတွေ မကြာခဏ ကြားရပါတယ်။ တပြိုင်နက်တည်းမှာပဲ တောထဲ၊ တောင်ထဲက မှောင်ခိုလမ်းကြောင်းအတိုင်း တရုတ်နယ်စပ်ကို ကျွဲ၊ နွားတွေ မောင်းသွား ရောင်းကြတာလည်း ရွာသားတွေဆီက မကြာခဏ ကြားနေရပါတယ်။ လက်တွေ့ဘဝမှာတော့ မန္တလေး၊ စစ်ကိုင်း၊ မကွေး စတဲ့ တိုင်းဒေသကြီးများဘက်က ကျွဲ၊ နွားများကို ဈေးပေါပေါနဲ့ဝယ်၊ တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်ကို မှောင်ခိုသွားရောင်းချနေတာပါဘဲ။ တကယ်မွေးမြူတဲ့သူက ဟိုနား ဒီနား သယ်ရင်တောင် အဖမ်းအဆီးခံရတာပါ။ အကောင်ရေ ရာထောင်ချီ သယ်နေတဲ့ သူတွေက အဖမ်းမခံရဘဲ သူဌေးဖြစ်နေကြတာ။ ဂိတ်စောင့်သူ၊ တောထဲက လက်နက်ကိုင်အဖွဲ့နဲ့ မှောင်ခိုသယ်ယူရောင်းချသူတွေသာ အမြတ်ကြီး မြတ်နေကြပြီး တကယ်မွေးတဲ့ တောင်သူလယ်သမားများမှာ ဈေးကောင်း မရကြပါဘူး။ ဘာဖြစ်လို့ ဒီလို တလွဲတွေ ဖြစ်နေတာလဲလို့ လေ့လာကြည့်လိုက်တော့၊ အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားတဲ့ ကျွဲ၊ နွားတွေကို တရားမဝင် သတ်ဖြတ်ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်းတွေအတွက် ထောင်ဒဏ် ခြောက်လမှ သုံးနှစ်အထိနဲ့ ဒဏ်ငွေ ငါးသိန်းအထိ ပေးဆောင်ရမယ်လို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတရပ်ရှိနေလို့ ဖြစ်ပါတယ်။ ဒီဥပဒေအရ သက်ဆိုင်ရာဌာနက ဖမ်းဆီး၊ တရားစွဲထောင်ချရတာ ဖြစ်ပါတယ်။ ဒီဥပဒေ ပြဋ္ဌာန်းရတာဟာ လယ်ယာလုပ်ငန်းခွင်သုံး ကျွဲ၊ နွား ရှားပါးလာမှာစိုးလို့ပါလို့ ဆိုပေမယ့် တကယ်လက်တွေ့မှာ ခိုးထွက်တာကို မထိန်းနိုင်ဘဲ၊ မွေးမြူတဲ့ တောင်သူတွေ ဈေးကောင်းမရ၊ တကောင် နှစ်ကောင် သယ်မိလို့ ထောင်ကျတာပဲ အဖတ်တင်ပါတယ်။ အိမ်နီိးချင်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတွေ ရောက်တဲ့အခါ သူတို့ကို မေးကြည့်ပါတယ်။ ‘မင်းတို့ဆီမှာ ကျွဲ၊ နွား ရှိသလား ဆိုတော့ ရှိတယ်။ ဒါပေမယ့် အသားစားဖို့ပါပဲတဲ့။ လယ်ယာလုပ်ငန်းမှာ ခိုင်းတာ မရှိတော့ပါဘူးတဲ့။ ကျနော်တို့ဆီမှာက စက်မှုလယ်ယာသို့ ချီတက်မယ်လို့ ကြွေးကြော်နေပေမယ့် တကယ်က ကျွဲတွေ၊ နွားတွေကို တွယ်ဖက်ခိုင်းထားနေတာနဲ့ တူနေပါတယ်။ ကျွဲတွေ၊ နွားတွေ ဈေးကောင်းကောင်းနဲ့ ရောင်းချပြီး လယ်ယာထွန်တဲ့ စက်အသေး၊ အလတ်တွေ ဝယ်နိုင်အောင် လုပ်ပေးရမယ့်အစား၊ လက်တွေ့မှာ ကျွဲတွေ၊ နွားတွေ ဈေးကျအောင် လုပ်ပေးနေသလို ဖြစ်နေပါ တယ်။ သတင်းကောင်းတရပ် ရှမ်းပြည်မြောက်ပိုင်းမှာ ကျွဲ၊ နွားတွေ ဈေးကောင်းရတော့ မှောင်ခိုသည်ကို ရောင်းချလိုက်ကြတာ များပါတယ်။ လယ်သမားတွေ တဦးချင်း လယ်ထွန်စက် မဝယ်နိုင်တဲ့အခါ လယ်ထွန်စက်ဝယ်ပြီး ထောင်ထားသူက အငှားလိုက်ပါတယ်။ အစိုးရရဲ့ စိုက်ပျိုးရေးဌာနမှာလည်း ငှားပြီး ထွန်လို့ရပါတယ်။ ကျွဲ၊ နွား ဈေးကောင်းရတော့ မွေးပြီး အသားစားအတွက် ရောင်းချင်တဲ့ တောင်သူတွေလည်း အလုပ်ဖြစ်ပါတယ်။ သူတို့ မွေးထားတာ ခိုင်းဖို့တဲ့၊ အသားအတွက် တရုတ်နယ်စပ်သယ်မယ့် ကုန်သည်ကို ရောင်းဖို့ပါ။ ကျနော့်တူလေးတယောက်တောင် သူတယောက်တည်း မွေးထားတာ ၁၀ ကောင်လောက် ရှိနေပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တလောက (ဒီနှစ် ဧပြီလ (၂၇) ရက်နေ့က) ကျနော့် ဖေ့စ်ဘွတ်မှာ ရေးတင်လိုက်ပါသေးတယ်။ ဒီလို ဈေးကွက်စီးပွားရေးကို ဆန့်ကျင်ရာ ရောက်တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကို ဖယ်ရှားပေးလိုက်ရုံနဲ့ မွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာနှိုင်တယ်ဆိုတာ လက်ရှိ အန်အယ်လ်ဒီ အစိုးရအဖွဲ့ တာဝန်ရှိဝန်ကြီးတွေ သိသင့်တယ်လို့ အကြံပေးတာပါ။ ဒီလို အကြံပြုချက်တွေရဲ့ အကျိုးကြောင့်လားတော့ မသိပါ။ မေလ ၂၀ ရက်နေ့က မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ ကျင်းပတဲ့ ဒုတိယသမ္မတနဲ့ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ကျွဲ၊ နွားတွေကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်တော့မှာ ဖြစ်တယ်လို့ ပြောသွားတာကို ဖတ်လိုက်ရပါတယ်။ ဒါက တောင်သူတွေအတွက် ဝမ်းသာစရာကောင်းတဲ့ သတင်းပါ။ ဒီလိုဆိုရင်တော့ မကြာခင်မှာ သမားရိုးကျ ကျွဲ၊ နွား မွေးမြူတဲ့ တောင်သူတွေလည်း ဈေးကောင်းရ။ အသားတိုး ဆိတ်၊ ကျွဲ နွားကို အများအပြား မွေးချင်တဲ့ လုပ်ငန်းရှင်တွေလည်း အလုပ်ဖြစ်၊ နိုင်ငံခြားလည်း တင်ပို့နိုင် ဖြစ်လာတော့မယ်လို့ မျှော်လင့်ရကြောင်း တင်ပြလိုက်ရပါတယ်။ ရဲထွန်း (သီပေါ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024