မိုးကောင်းမြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် တိုင်းရင်းသူ ၁ ဦးဒဏ်ရာရ
DVB
·
February 8, 2017
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ထဲမှာ ကချင်တိုင်းရင်းသူ အမျိုးသမီး ၁ဦး ဖေဖော်ဝါရီ ၇ ရက်မွန်းလွဲပိုင်းက ဖက်ခုတ်သွားစဉ် မိုင်းပေါက်ကွဲထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
မိုးကောင်းမြို့ နတ်ကြီးကုန်းမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဒေါ်ထု နဲ့ အသက် ၃၈ နှစ်အရွယ် ဒေါ်ဘောက်တောင်တို့ ၂ ဦးဟာ မိုးကောင်းမြို့ရဲ့ အနောက်တောင်ဘက် လွဲလောကျေးရွာအုပ်စု သိုက်ချောင်းရွာပျက်အနီး တောင်ပေါ်ကနေ ဖက်ခုတ်ပြီး လှည်းလမ်း အတိုင်းပြန်လာစဉ် တိုက်မိုင်း တိုက်မိပေါက်ကွဲခဲ့ပြီး ဒေါ်ထုရဲ့ ဝဲဘက်/ယာဘက် ခြေသလုံးနဲ့ ပေါင်တို့မှာ မိုင်းစတွေ ထိမှန်ခဲ့တယ်လို့ဆိုပါတယ်။
အတူပါလာတဲ့ ဒေါ်ဘောက်တောင်က တောင်ပေါ်အထိ ကျောကုန်းပိုး သယ်ဆောင်ကာ လွဲလောကျေးရွာသို့လှည်းနဲ့ သယ်ဆောင်ခဲ့ပြီး ည ၁၀ နာရီအချိန်လောက်မှာ မိုးကောင်းပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပါတယ်။
မိုင်းကွဲဒဏ်ရာရရှိတဲ့ ဒေါ်ထုကို မိုးကောင်းပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူကာ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)