ဘူးသီးတောင်မြို့နယ်တွင် မိုင်းပေါက်ကွဲ၍ လူ ၂ ဦးသေဆုံး
DVB
·
December 7, 2018
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာနဲ့ ထိပ်ထူးပေါက်ကျေးရွာကြား တောင်တက်လမ်းမှာ ဒီဇင်ဘာ ၆ ရက်ညက မိုင်းပေါက်ကွဲလို့ လူ ၂ ဦး သေဆုံးသွားပါတယ်။
သုံးဆယ့်တစ်ဘုံပုထိုးတော်ကြီးရဲ့ ၆ ဖာလုံအကွာ ရသေ့တောင်-ဘူးသီးတောင် ကားလမ်းပေါ်မှာ ည ၉ နာရီကျော်က မိုင်းပေါက်ကွဲလို့ ဆိုင်ကယ်စီးလာသူ နှစ်ဦး သေဆုံးသွားတယ်လို့ ကျေးရွာနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက အတည်ပြုပြောပါတယ်။
ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက "ဗုံးမဟုတ်ပါဘူး၊ မိုင်းပါ။ ၂ ဦးသေပါတယ်။ ဘယ်သူဆိုတာ စစ်ဆေးတုန်းပါ။ ကျန်နေတဲ့မိုင်းတွေ တူးဖော်ဖို့ ဆောင်ရွက်နေပါတယ်" လို့ ပြောပါတယ်။
သေဆုံးသူနှစ်ဦးဟာ ဒီဒေသခံတွေမဟုတ်ဘဲ မိုင်းလာထောင်စဉ် ပေါက်ကွဲပြီး သေဆုံးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ကျောက်စာရံကျေးရွာအုပ်စုက ဦးစံမောင်ကတော့ မိုင်းပေါက်ကွဲမှုကို အတည်ပြု ပြောကြားပေမယ့် ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
"နှစ်ဦးသေဆုံးပါတယ်။ ဘယ်သူတွေဆိုတာ မသိသေးပါ။ နှစ်ယောက်လုံး ရုပ်တွေ ပျက်သွားကြပါတယ်။ မှတ်မရနိုင်ပါ။ ဘင်္ဂါလီလား၊ ရခိုင်လား မခွဲခြားနိုင်ပါ။ နောက်မိုင်းတွေ ကျန်နေပါသေးတယ်။ မိုင်းရှင်းအဖွဲ့တွေနဲ့ မိုင်းရှင်းဖို့ လုပ်နေပါတယ်။"
မိုင်းပေါက်ကွဲမှုဟာ ပြင်းထန်လို့ အသံကို အနီးနားရှိ ဖုန်ညိုလိပ်၊ ကျောက်ရန်၊ သုံးဆယ့်တစ်ဘုံ ကျေးရွာတွေကပါ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။