နမ့်ဆန်တွင် မိုင်းပေါက်ကွဲ၊ လူငယ် ၂ ဦး ဒဏ်ရာရ
နန်းမြနဒီ
·
July 13, 2018
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ပလောင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ထဲမှာ ဒီကနေ့ မနက်က မိုင်းပေါက်ကွဲမှုဖြစ်ပွားလို့ လူငယ် ၂ ဦး ဒဏ်ရာရသွားပါတယ်။
နမ့်ဆန်မြို့အပေါ်ဘက် ၂ မိုင်ကျော်အကွာ ဇယန်းမြောက်လို့ခေါ်တဲ့ နမ့်ခေးကျေးရွာအနီးမှာ ဒီကနေ့မနက် ၁၀ နာရီလောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အနီးမှာ ဖြတ်သန်းသွားတဲ့ ဆိုင်ကယ်ပေါ်က လူ ၂ ယောက်ကို မိုင်းစတွေ ထိမှန်ခဲ့တာလို့ နမ့်ဆန်မြို့ခံ ကိုမှန်ကြီးက ဒီဗွီဘီကို ပြောပါတယ်။
မိုင်းစကြောင့် နမ့်ဆန်မြို့ မြို့လယ်ရပ်ကွက်နေ မောင်ဇင်လင်းကို (၁၉ နှစ်) မှာ မျက်စိ တဖက်ပျက်စီးသွားပြီး မန်တုံမြို့နေ မအီလောင်း (၁၉ နှစ်) မှာလည်း သွေးထွက်လွန်ကာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ ဒဏ်ရာရသူတွေကို နမ့်ဆန်မြို့ သံသရာခရီးသည် နာရေးကူညီမှုအသင်းက ဆေးရုံ ပို့ပေးခဲ့တယ်လို့ ကိုမှန်ကြီးက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဦးသိန်းဇော်က အဆိုပါဒဏ်ရာရသူ ၂ ဦးမှာ ဘုန်းကြီးပျံပွဲကိုအလာ မိုင်းထိမိတာဖြစ်ကြောင်း၊ သူတို့ကို နမ့်ဆန်ဆေးရုံကနေတဆင့် လားရှိုးဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ပေးလိုက်ပြီလို့ ဆိုပါ တယ်။
နမ့်ဆန်မှာ တိုက်ပွဲတွေ မရှိပါဘဲနဲ့ အခုလို မိုင်းတွေ ထောင်ထားတဲ့အပေါ် စဉ်းစားလို့ မရကြောင်း၊ အစိုးရက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပနေချိန် တဖက်က ခုလို မိုင်းထောင်တာတွေလုပ်တာကို ဘယ်အဖွဲ့အစည်းကပဲလုပ်လုပ် ရှုတ်ချတယ်လို့ ဦးသိန်းဇော်က ပြောသွားပါတယ်။