မြိတ်တွင် ကျောက်မိုင်းခွဲရာမှ အလုပ်သမား ၂ ဦးသေ၊ ၈ ဦး ထိခိုက်ဒဏ်ရာရ
DVB
·
December 25, 2016
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ စန္ဒ၀တ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာရှိ ကျောက်မိုင်းခွဲ လုပ်ငန်းခွင်တခုမှာ ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ကျောက်မိုင်းခွဲရာမှ အလုပ်သမား ၂ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကျွဲကူးကျေးရွာရှိ ဦးမောင်အေးရဲ့ ကျောက်မိုင်းခွဲ လုပ်ငန်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောက်တောင်အား မိုင်းခွဲရာမှ
ကျောက်လုံးကြီးတွေ လွင့်စင်လို့ လုပ်ငန်းခွင်အတွင်း ကျောက်ခွဲနေတဲ့ အလုပ်သမားတွေကို မတော်တဆ ထိမှန်ပြီး သေဆုံး ဒဏ်ရာတွေ ရရှိခဲ့တာလို့ အလုပ်သမား မိသားစုဝင်တွေက ပြောပါတယ်။
လက်ရှိမှာ မြိတ်ပြည်သူ့ဆေးရုံကြီးမှာ ထိခိုက်ဒဏ်ရာရှိသူ ၈ ဦးကို ဆေးကုသပေးနေကြောင်း၊ ဒဏ်ရာရရှိသူတွေအနက် အရေးပေါ် လူနာ ၃ ဦးထဲမှ ၁ ဦးကို အရေးပေါ် ခွဲစိတ်ကုသပေးနေကြောင်း၊ ဒဏ်ရာအပြင်းထန်ရရှိသူ ၂ ဦးကတော့ သေဆုံးပြီးမှ ဆေးရုံကို ရောက်လာတယ်လို့ တာဝန်ကျဆရာဝန်တဦးက ပြောဆိုပါတယ်။
အခင်းဖြစ်ပွားတဲ့ ကျောက်မိုင်းခွဲလုပ်ငန်းဟာ မြိတ်မြို့နဲ့ ၉ မိုင်လောက် အကွာအဝေးရှိကြောင်း သိရပါတယ်။
သတင်း၊ ဇော်ဇော် (မြိတ်)
သတင်းပုံ- မြိတ်ပြည်သူ့ဆေးရုံ