မုံရွာမြို့တွင် ကျပ်သိန်း ၈၀ ကျော်ဖိုး မူးယစ်ဆေးဝါးများ ဖမ်းမိ
အောင်ကိုကိုလတ် (နေပြည်တော်)
·
November 18, 2016
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ဆိုင်ကယ်နဲ့တင်ဆောင်လာတဲ့ ဘိန်းဖြူနဲ့ WY စိတ်ကြွဆေးပြား ကျပ်သန်း ၈၀ ကျော်ဖိုး ဖမ်းဆီးရမိတယ်လို့ တိုင်းမှုခင်းရဲတပ်ဖွဲ့က သိရပါတယ်။
နိုဝင်ဘာ ၁၇ ရက်က မုံရွာမြို့ ဗန္ဓုလရပ်ကွက်၊ မုံရွာ-ဘုတလင်ကားလမ်းဘေး၊ မိုင်တိုင်အမှတ် ၉၃/၆ အနီးမှာ ဘုတလင်ဘက်ကနေ မုံရွာဘက်ကို ဆိုင်ကယ်စီးလာတဲ့ ဆွေမြင့် (၃၅ နှစ်) နဲ့ မခင်ဝိုင်း (၃၄ နှစ်) တို့ကို တိုင်းမှုခင်းအကူဌာနစုမှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကြိုတင်သတင်းအရ ရပ်တန့်ရှာဖွေစစ်ဆေး ဖမ်းဆီးမိခဲ့တာပါ။
ရှာဖွေဖမ်းဆီးရာမှာ အနက်ရောင်ဘေးလွယ်အိတ်အတွင်းမှ ဘိန်းဖြူလို့ယူဆရတဲ့ ဖြူဝါကြားအမှုန့် ထည့်ထားတဲ့ ဆပ်ပြာခွက် ၆ ခွက်၊ ကာလတန်ဖိုး ၇၂ သိန်းနဲ့ WY စာတန်းပါ ပန်းရောင်မူးယစ်ဆေးဝါး ၁၉၀ ပြား ကာလတန်ဖိုး ၉ သိန်းခွဲ၊ စုစုပေါင်းကာလတန်ဖိုး ၈၁ သိန်းခွဲကို ဖုန်း ၂ လုံး၊ ငွေကျပ် ၁၉၀၀၀ ကျပ်တို့နဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး မုံရွာမြို့ အမှတ် ၁ ရဲစခန်းက မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။