ကမ်းနီးကမ်းဝေး ရေယာဉ်တွေ သတိပြုရန် မိုးဇလအကြံပြု
DVB
·
August 17, 2016
ဘင်္ဂလားပင်လယ်အော်တွင်းက အ၀ါရောင်အဆင့်ရှိ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မြန်မာ့ ကမ်းရိုးတမ်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုကြဖို့ မိုးလေ၀သနနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပေးချက်ထုတ်ပြန်ပါတယ်။
ဒီနေ့မွန်းတည့်တိုင်းထွာချက်အရ အမြင့်ဆုံးလေတိုက်နှုန်း တနာရီလျှင် မိုင် ၄၀ နှုန်းရှိတဲ့ အ၀ါရောင်အဆင့် မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေတော့ မရှိဘူလို့ဆိုပါတယ်။
ဒါပေမယ့် မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင် အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၏ တောင်- အရှေ့တောင် ဘက် ၇၅ မိုင်ခန့်အကွာ၊ ပင်လယ်ပြင်ကို ဗဟိုပြုနေ နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး အနောက်- အနောက် မြောက်ဘက် သို့ ဆက်လက်ရွေ့လျားမယ်လို့ ထုတ်ပြန်ပါတယ်။