Home
မြန်မာသတင်း
မီးဘေးအန္တရာယ် စောင့်ကြည့်ရန် စီစီတီဗွီကင်မရာ ထပ်တိုးတပ်ဆင်မည်
DVB
·
July 8, 2016
Myanmar fire force
ရန်ကုန်တိုင်းတတိုင်းလုံးရဲ့ မီးဘေးအန္တရာယ်စောင့်ကြည့်ဖို့ အဝေးကြည့် စီစီတီဗွီတွေ ထပ်တိုးတပ်ဆင်တော့မယ်လို့ မီးသတ်ဌာနချုပ်က ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်း မီးဘေးအန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် မီးသတ်ဦးစီးဌာနချုပ်က တပ်ဆင်ထားတဲ့ အဝေးကြည့် စီစီတီဗွီ ၈ လုံး တပ်ဆင်ထားရာကနေ နောက်ထပ်နေရာ ၇ နေရာ ထပ်တိုးတပ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေဘက ပြောပါတယ်။ “လောလောဆယ်တော့ ကင်မရာအလုံးရေက ၈ လုံးပါ။ ၈ လုံးမှာမှ ကျနော်တို့က မြို့ထဲမှာဆိုရင် ရှန်ဂရီလာဟိုတယ်ပေါ်မှာ ကင်မရာတလုံး၊ ဆာကူရာတာဝါပေါ်မှာ ကင်မရာတလုံး၊ နောက် မြ၀တီ ဓာတ်ဆီထုတ်လုပ်ရေးတာဝါမှာ ကင်မရာနှစ်လုံး၊ နောက် ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ မရမ်းကုန်း အိတ်ချိန်းတာဝါပေါ်မှာ ကင်မရာနှစ်လုံး၊ နောက် ကျနော်တို့ ဘုရင့်နောင်တံတား ဘေးနားလေးမှာရှိတဲ့ ဘုရင့်နောင်ပွဲရုံနဲ့ ထောင့်မှာရှိတဲ့ ဘုရင့်နောင် အိတ်ချိန်းတာဝါပေါ်မှာ ကင်မရာနှစ်လုံး စုစုပေါင်း ၈ လုံး၊ ကျောချင်းကပ်ပြီး တပ်မှာ။ ကျနော်တို့က ဒီဟာတွေအတွက်ကို ထပ်ပြီးတော့ တပ်ဆင်ဖို့ လျာထားချက်တွေ ရှိပါတယ်။ အဲဒါကတော့ နောက်ထပ် ၇ နေရာလောက်ကို ထပ်ဖြည့်ဖို့ရှိပါတယ်။ သို့သော်လည်းပဲ ဒီဟာတွေကိုတော့ ကျနော်တို့က လျာထားချက်တွေပဲ ရှိပါသေးတယ်။ ငွေကြေးအနေနဲ့ သုံးစွဲဖို့ ဘာမှ တင်ပြထားတာ မရှိပါဘူး။” အဝေးကြည့် စီစီတီဗွီတပ်ဆင်ဖို့ ငွေကြေးအင်အားက များတဲ့အတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ မလုပ်နိုင်သေးဘဲ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ လုပ်ဆောင်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရန်ကုန်တိုင်းတခုပဲ အဝေးကြည့် စီစီတီဗွီတွေ တပ်ဆင်နိုင်တာ ဖြစ်ပါတယ်။ “ဒီကင်မရာတွေက ကျနော်တို့က အဝေးကို ၅ ကီလိုမီတာ ကြည့်လို့ရတယ်။ ၅ ကီလိုမီတာ ဆိုတာ ဗမာလို့ပြောရင်တော့ သုံးမိုင်ပေါ့။ သုံးမိုင်ဆိုတာက သူ့ရဲ့သတ်မှတ်ချက်ကို ပြောတာပါ။ သို့သော် ရာသီဥတုက ကြည်လင်သာယာနေမယ်ဆိုရင် ၅ မိုင်လည်း မြင်ရပါတယ်၊ ၇ မိုင်လည်း မြင်ရပါတယ်။ ဒီ စီစီတီဗွီတွေနဲ့ ပတ်သက်ပြီးတော့မှ တနိုင်ငံလုံးတော့ မလုပ်နိုင်သေးပါဘူး။ အထူးသဖြင့် ကျနော်တို့က ရန်ကုန်ကို ဦးစားပေးလုပ်တာပေါ့။ "ဘာလို့ ရန်ကုန်ကို ဦးစားပေးလုပ်လဲဆိုရင် ရန်ကုန်မှာ မီးလောင်မှုက တခြားပြည်နယ် တိုင်းတွေနဲ့ ယှဉ်ရင် ပိုများတယ်။ အဲတော့ မီးလောင်မှုဖြစ်လာပြီဆိုရင် စက်ရုံ၊ အလုပ်ရုံတွေ များတဲ့အတွက် ကျနော်တို့က မီးလောင်မှု ကြီးမားနိုင်တယ်ပေါ့။ ဒါကြောင့်မို့ ရန်ကုန်ကို အဓိကဦးစားပေးပြီးတော့ လုပ်တာပါ။ မူလရည်ရွယ်ချက်ကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ပေါ့လေ။ လုပ်ဖို့တော့ ရည်ရွယ်ချက်ရှိပါတယ်။ အခုလောလောဆယ်တော့ ရန်ကုန်မှာပဲ လုပ်ထားပါတယ်” လို့ ဦးရွှေဘက ဆက်ပြောပါတယ်။ ရန်ကုန်မြို့အတွင်း တပ်ဆင်ထားတဲ့ အဝေးကြည့် စီစီတီဗွီနဲ့ စက်ပစ္စည်းတွေအတွက် သုံးတဲ့ ကုန်ကျစရိတ်က မြန်မာငွေ သန်း ၉၀၀ ကျော်ရှိပါတယ်။ မီးလောင်ပြင်ကို အနီးကပ်ကြည့်ရှုနိုင်ဖို့အတွက် ပြည်နယ်၊ တိုင်း ၄ ခုမှာ 3G ကွန်ရက်နဲ့ ချိတ်ဆက်အသုံးပြုတဲ့ ယာဉ်တင်ကင်မရာတွေလည်း တပ်ဆင် အသုံးပြုနေပါတယ်။ လက်ရှိ တပ်ဆင်ထားတဲ့ စီစီတီဗွီ ကင်မရာတွေက ရွှေပြည်သာ၊ ထောက်ကြန့်၊ မင်္ဂလာဒုံ၊ ပုလဲမြို့သစ်၊ ရွှေပေါက်ကံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွေကို ရှင်းရှင်းလင်းလင်း မြင်ရခြင်း မရှိသေးဘူးလို့ မီးသတ်တပ်ဖွဲ့ဌာနချုပ်က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013