ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်မလဲ
DVB
·
March 16, 2016
၁၅-၃-၂၀၁၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပသော သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့၏ မဲပေးဆုံးဖြတ်ချက်အရ အများဆုံး ၃၆၀ မဲရရှိသော အန်အယ်လ်ဒီပါတီမှ တင်သွင်းသည့် ဦးထင်ကျော်သည် မြန်မာနိုင်ငံ၏ (၉) ယောက်မြောက်သမ္မတ ဖြစ်လာပါပြီ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၈ အရ နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာတွင် တည်ရှိသော သမ္မတဦးထင်ကျော်သည် အခြေခံဥပဒေက မည်သို့ပင်ဆိုစေကာမူ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားမှုဖြင့်သာ လုပ်ကိုင်ရမည်ဖြစ်ကြောင်းနှင့် ၎င်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကျော်လွန်ပြီး လုပ်လိမ့်မည်မဟုတ်ကြောင်း လူအများသိပြီး ဖြစ်ပါသည်။
လာမည့် ငါးနှစ်တာကာလအတွင်း အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် တားဆီးနေသော ပုဒ်မ ၅၉(စ) ကို မပြင်နိုင်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်နေရာမှနေ၍ နိုင်ငံ့အုပ်ချုပ်ရေး ယန္တရားကို စီမံခန့်ခွဲမည်နည်း။ ထိုကိစ္စနှင့်ပတ်သက်၍ ပြည်တွင်း/ပြည်ပ နိုင်ငံရေးလေ့လာသုံးသပ်သူများက လွန်စွာ စိတ်ဝင်စားနေကြရာ ယခုဆောင်းပါးတွင် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ထိုကိစ္စကို လေ့လာသုံးသပ်ကြည့်ကြပါစို့။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ အရ နိုင်ငံတော်သမ္မတသည်လည်းကောင်း၊ ပုဒ်မ ၂၃၂ (ဋ) အရ ပြည်ထောင်စုဝန်ကြီးသည်လည်းကောင်း တာဝန်ပေးအပ်ခံရသည့်နေ့မှစ၍ ရာထူးသက်တမ်း တလျှောက်တွင် ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဟု ကန့်သတ်ခံထားရပါသည်။
တဖန် နိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားတွင် အရေးပါလှသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကာ/လုံတွင် အဖွဲ့ဝင် (၁၁) နေရာရှိရာ (၆) နေရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆုံးဖြတ်ပိုင်ခွင့်ရှိသော နေရာများဖြစ်ကြပြီး (၅) နေရာမှာ ရွေးကောက်ပွဲအနိုင်ရ ပါတီမှ ဆုံးဖြတ်ပိုင်ခွင့်ရှိသော နေရာများဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။ ထိုနေရာများမှာ အောက်ပါအတိုင်းဖြစ်ကြပြီး…
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
(၁) နိုင်ငံတော်သမ္မတ
(၂) ဒုတိယသမ္မတ
(၃) ဒုတိယသမ္မတ
(၄) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
(၅) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
(၆) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(ရ) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(၈) ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး
(၉) နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး
(၁၀) ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး
(၁၁) နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး
အနိုင်ရ အန်အယ်လ်ဒီပါတီ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ပိုင်ခွင့်ရှိသော နေရာမှာ နိုင်ငံခြားရေးဝန်ကြီး တနေရာသာ ကျန်ပါတော့သည်။
အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးတာဝန် ယူမည်ဆိုလျှင် ကာ/လုံတွင် အဖွဲ့ဝင်အဖြစ် တရားဝင်ပါဝင် ဆွေးနွေးပြောဆို ဆုံးဖြတ်ပိုင်ခွင့်ရှိမည် ဖြစ်သော်လည်း ပြည်ထောင်စုဝန်ကြီး ဖြစ်နေသဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရမည်ဖြစ်သလို ပါတီ၏ တာဝန်များတွင်လည်း ပါဝင်ဆောင်ရွက်ခွင့် ရှိတော့မည် မဟုတ်ပါချေ။ ထိုသို့သော အခြေအနေအောက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထူးထူးဆန်းဆန်း ပြဋ္ဌာန်းပါရှိနေသော ပုဒ်မ ၂၁၇ ကို လေ့လာကြည့်ကြပါစို့။ ထိုပုဒ်မသည် ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုအခွင့်အာဏာ ဆိုသော ခေါင်းစဉ်ငယ်အောက်တွင်ပါရှိပြီး ဤသို့ရေးသားထားလေသည်။
၂၁၇။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် နိုင်ငံတော်သမ္မတ၌ တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်း တရပ်ရပ်အားလည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ် တဦးဦးအားလည်းကောင်း တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းမပြုနိုင်ဟု မမှတ်ယူရ။ ထို့ပြင် ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တရပ်ရပ်အားဖြစ်စေ၊ သက်ဆိုင်ရာ အာဏာပိုင်ပုဂ္ဂိုလ် တဦးဦးအားဖြစ်စေ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ်သည်ဟုလည်း မမှတ်ယူရ။
ဤပြဋ္ဌာန်းချက်အပိုဒ်၏ တတိယဝါကျကို ကြည့်လျှင် မည်သည့်အဖွဲ့အစည်း မည်သည့်ပုဂ္ဂိုလ်ကို ရည်ရွယ်၍ ပြဋ္ဌာန်းထားသည်ကို တွေးကြည့်နိုင်သည်။ တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တရပ်ရပ်ဟုဆိုသဖြင့် ၂၀၁၁ ခုနှစ် ပထမအကြိမ်လွှတ်တော် စတင်စဉ်ကာလက တည်ရှိနေသေးသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှုကောင်စီကို ဆိုလိုခြင်းသာ ဖြစ်ပေသည်။
သို့သော်လည်း ဒုတိယဝါကျ အလိုအရ ပြည်ထောင်စုလွှတ်တော်က သဘောတူညီလျှင် အာဏာပိုင်အဖွဲ့အစည်း တရပ်ရပ် သို့မဟုတ် အာဏာပိုင်ပုဂ္ဂိုလ် တဦးဦးကိုလည်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းပြုနိုင်သည်ဟု အဓိပ္ပာယ်ထွက်သည်။
ထို့ပြင် ပုဒ်မ ၂၁၈(က) တွင် ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်အားလုံးကို နိုင်ငံတော်သမ္မတ၏ အမည်ဖြင့် အရေးယူဆောင်ရွက်ရမည်။ ဟု ဆိုထားသော်လည်း ပုဒ်မ ၂၁၈(ခ) တွင် နိုင်ငံတော်သမ္မတသည် မိမိ၏သဘောအတိုင်း ဆောင်ရွက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားသည့် ကိစ္စရပ်များမှအပ ပြည်ထောင်စုအစိုးရက ဆောင်ရွက်ခွင့်ရှိသော ကိစ္စရပ်များအတွက်လည်းကောင်း အဆိုပါကိစ္စရပ်များကို ပြည်ထောင်စုအစိုးရ ဝန်ကြီးများအား ခွဲဝေအပ်နှင်းရန်လည်းကောင်း ဥပဒေတရပ်ရပ်အရ ဆောင်ရွက်ရန် တာဝန်ရှိသောပုဂ္ဂိုလ်အား ခွဲဝေအပ်နှင်းရန်လည်းကောင်း လိုအပ်သည့် နည်းဥပဒေများ ပြဋ္ဌာန်းခွင့်ရှိသည်။ ဟု ဆိုထားလေရာ…..
တာဝန်ခွဲဝေအပ်နှင်းမည့် ပုဂ္ဂိုလ်အတွက် ပြည်ထောင်စုလွှတ်တော်က ဥပဒေတရပ် အရင်ပြဋ္ဌာန်းရမည်ဖြစ်ပြီး လိုအပ်သော နည်းဥပဒေများကိုမူ နိုင်ငံတော်သမ္မတက ပြဋ္ဌာန်းခွင့်ရှိ ဆိုသည့်သဘော ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပေးမည့် ထိုဥပဒေတွင် တာဝန်ခွဲဝေအပ်နှင်းခြင်း ခံရသော ပုဂ္ဂိုလ်အား သမ္မတကိုယ်စား ဆောင်ရွက်ခွင့်ရှိသည့် ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေးတာဝန်များကို ဖော်ပြရပေလိမ့်မည်။
ထိုတာဝန်များထဲတွင် ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေးတာဝန်များကို ကြီးကြပ်ခွင့်၊ နိုင်ငံခြားခေါင်းဆောင်များနှင့် ပြုလုပ်သည့် နိုင်ငံတကာ အစည်းအဝေးများသို့ သမ္မတကိုယ်စား တက်ရောက်ဆွေးနွေးကာ စာချုပ်ချုပ်ဆိုခွင့် စသည်များ ထည့်သွင်းနိုင်ပေသည်။
ထိုသို့ ဥပဒေပြဋ္ဌာန်းထားချက်များကို နည်းဥပဒေဖြင့် တိတိကျကျ သတ်မှတ်ထားရန် လိုအပ်ပုံကို ပုဒ်မ ၂၁၈(ဂ) က ဆက်လက်ပြောဆိုထားရာ အောက်ပါအတိုင်းဖြစ်သည်။
၂၁၈(ဂ) နိုင်ငံတော်သမ္မတ၏ အမည်နှင့် ထုတ်ပြန်သော အမိန့်များနှင့် ချုပ်ဆိုသော စာချုပ်စာတန်းများသည် နိုင်ငံတော်သမ္မတက ပြဋ္ဌာန်းသည့် နည်းဥပဒေများတွင် ဖော်ပြထားသော နည်းလမ်းများနှင့်အညီ ဖြစ်စေရမည်။ ထို့ပြင် ထိုသို့ဆောင်ရွက်ထားသည့် အမိန့် သို့မဟုတ် စာချုပ်စာတမ်းများသည် နိုင်ငံတော်သမ္မတ၏အမိန့် သို့မဟုတ် စာချုပ်စာတမ်း မဟုတ်သောကြောင့် မခိုင်လုံဟု ငြင်းဆိုပိုင်ခွင့် မရှိစေရ။
သို့ဖြစ်လျှင် ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုအာဏာကို ခွဲဝေလွှဲအပ်ပေးထားခြင်း ခံရသော ပုဂ္ဂိုလ်အနေဖြင့် သမ္မတကိုယ်စား စာချုပ်စာတန်းများကိုသာမက အမိန့်များကိုပင် လက်မှတ်ထိုးခွင့်ရှိလေသည်။
ပုဒ်မ ၂၁၈(ဃ) အရ နိုင်ငံတော်သမ္မတသည် ထိုသို့ တာဝန်လွှဲအပ်ရာတွင် နယ်မြေဒေသအလိုက်ဖြစ်စေ၊ အစိုးရ ဌာနဆိုင်ရာ လုပ်ငန်းအလိုက်ဖြစ်စေ ခွဲဝေအပ်နှင်းနိုင်သည်ဟု ဆိုထားသဖြင့် တာဝန်လွှဲအပ်ခြင်းခံရသော ပုဂ္ဂိုလ်သည် တာဝန်အားလုံးကို မယူနိုင်လျှင်လည်း ခွဲဝေယူနိုင်ကြောင်း ရှင်းရှင်းလင်းလင်းဖြစ်စေရန် ဖော်ပြခြင်း ဖြစ်ပေသည်။
သို့ဖြစ်လေရာ အခြေခံဥပဒေ ပုဒ်မ ၂၁၇ နှင့် ၂၁၈ တို့တွင် ပြဋ္ဌာန်းပါရှိချက်များသည် မူလအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းသူများက မည်သည့် အာဏာပိုင်အဖွဲ့အစည်း၊ မည်သည့် လူပုဂ္ဂိုလ်အား ရည်ရွယ်၍ ရေးဆွဲထားသည်ကို မသိရသော်လည်း လက်ရှိအချိန်ကာလတွင်မူ ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြုခွင့် အာဏာကိုရော ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ခွင့်အာဏာကိုပါ ပိုင်ပိုင်နိုင်နိုင် ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ကွက်တိဖြစ်နေသည်ကို တွေ့ရပေသည်။ အဆိုပါနေရာသည် သမ္မတနေရာလည်းမဟုတ်၊ ပြည်ထောင်စုဝန်ကြီးလည်း မဟုတ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ နုတ်ထွက်ရန် မလိုသလို ပါတီလုပ်ငန်းတာဝန်များတွင်လည်း ပါဝင်ဆောင်ရွက်ခွင့် ရှိပေလိမ့်မည်။
တချက်သတိပြုသင့်သည်မှာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ရာတွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းမည့် အဆိုပါဥပဒေတွင် ဖော်ပြမည့်တာဝန်နေရာကို အမည်ပေးရာတွင် “ပြည်ထောင်စုဝန်ကြီး” ဆိုသည့်စကားလုံးကို မသုံးဘဲ “ပေါင်းစပ်ညှိနှိုင်းရေးခေါင်းဆောင်” သို့မဟုတ် “အစိုးရအဖွဲ့၊ လွှတ်တော်နှင့် ပါတီအကြား ပေါင်းစပ်ညှိနှိုင်းရေးမှူး” စသည့် ဝေါဟာရများကိုသုံးလျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရန်မလိုသလို နိုင်ငံရေးပါတီ၏ လုပ်ငန်းတာဝန်များတွင်လည်း ပါဝင်ဆောင်ရွက်နိုင်ပေလိမ့်မည်။
အကယ်၍ အဆိုပါဥပဒေကို အထက်ဖော်ပြပါကဲ့သို့ အမည်မပေးဘဲ “နိုင်ငံ့ဥသျှောင် ဥပဒေ” ဟု အမည်ပေးခဲ့လျှင် နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ပြဋ္ဌာန်းထားသည့် အခြေခံဥပဒေပုဒ်မ ၅၈ ဖြင့် ငြိစွန်းနိုင်သကဲ့သို့ “ဝါရင့်ဝန်ကြီးဆိုင်ရာဥပဒေ” သို့မဟုတ် “ဥသျှောင်ဝန်ကြီးဆိုင်ရာဥပဒေ” သို့မဟုတ် “ပြည်ထောင်စုအစိုးရ ဝန်ကြီးချုပ် ဥပဒေ” စသည် အမည်တခုခုပေးခဲ့ပါက အဆိုပါပုဂ္ဂိုလ်မှာ မိမိနိုင်ငံရေးပါတီ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခွင့်ရှိ-မရှိ၊ အခြေခံဥပဒေနှင့် ညီ-မညီ အငြင်းပွားစရာ ဖြစ်လာနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ မကြာတော့သည့် ဧပြီလ (၁) ရက်နေ့ နောက်ပိုင်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒဆိုင်ရာ ခုံရုံးအသစ်ကိုလည်း အန်အယ်လ်ဒီ သမ္မတသစ်နှင့် အန်အယ်လ်ဒီ လွှတ်တော်ဥက္ကဋ္ဌများက ရွေးချယ်ခန့်အပ်တော့မည်ဖြစ်ရာ အခြေခံဥပဒေနှင့် ညီ-မညီဆိုသည့် တင်သွင်းမှုမျိုး ရှိလာလျှင် ကျော်လွှားနိုင်စေရန် ဥပဒေမပြဋ္ဌာန်းမီ ၎င်းတို့၏ အကြံဉာဏ်ကို ရယူကာ ဆောင်ရွက်သင့်လှကြောင်း တင်ပြလိုက်ရပေသည်။
ရဲထွန်း (သီပေါ)