Homeမြန်မာသတင်း
မြန်မာအလုပ်သမားများစီးနင်းလာသည့် ခရီးသည်တင်ကား ယာဉ်တိုက်မှုဖြစ်၊ ၆ ဦးသေဆုံး ၃၀ ကျော် ဒဏ်ရာရ (ရုပ်သံ)
မြန်မာအလုပ်သမားများစီးနင်းလာသည့် ခရီးသည်တင်ကား ယာဉ်တိုက်မှုဖြစ်၊ ၆ ဦးသေဆုံး ၃၀ ကျော် ဒဏ်ရာရ (ရုပ်သံ)
DVB
·
February 16, 2016
ထိုင်းနိုင်ငံမြောက်ပိုင်း ကန်ဖိုင်ဖစ်ခရိုင် ခလောင်းခလုန်မြို့နယ်ထဲမှာ ဒီကနေ့ မနက် ၃ နာရီ အချိန်က မြန်မာအလုပ်သမားတွေ စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တင်ကားတစ်စီး ၁၈ ဘီး ကားနဲ့ တိုက်မိပြီး သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ အရှေ့တောင်ဘက် ချွန်ပူရီးခရိုင်ကနေ တာ့ခရိုင် မဲဆောက်မြို့ကို ဦးတည်လာတဲ့ ခရီးသည်တင် ၂ ထပ် မှန်လုံကားဟာ ခလောင်းခလုန်မြို့နယ် ထနွန်းငင်းရွာအနီးမှာ အရှေ့က တက်လာတဲ့ ၁၈ ဘီးကားတစ်စီးနဲ့ မျက်နှာချင်းဆိုင် တိုက်မိပြီး လူ ၆ ဦးသေဆုံး ၃၀ ဦး ဒဏ်ရာရကာ ၁၂ ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ ခလောင်းခလုန်မြို့နယ်ရဲစခန်း တာဝန်ကျ ရဲအရာရှိမှ သတင်းထောက်တွေကို ပြောပါတယ်။
သေဆုံးသူတွေမှာ ခရီးသည်တင်ကားဘက်က ယာဉ်မောင်း ၁ ဦး၊ ခရီးသည် ၃ ဦး၊ ၁၈ ဘီး ကားမှ ယာဉ်မောင်းသူ ၁ ဦး၊ ဘေးကလိုက်စီးလာသူ ၁ ဥင်္ီး စုစုပေါင်း ၆ ဦး တို့ ဖြစ်ပါတယ်။
ဒဏ်ရာရသူပေါင်း ၃၀ ကျော်ရှိကာ ၁၂ ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း၊ လောလောဆယ် ဒဏ်ရာရသူတွေကို ဆိုင်းထောင်းဆေးရုံနဲ့ ခလောင်းခလုန် ဆေးရုံ ၂ ခုမှာ ခွဲပို့ထားတယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။
အဆိုပါ ဖဟွန်ယိုးထင်းလမ်းမှာ ပြုပြင်နေဆဲဖြစ်ကာ တလမ်းသွားအဖြစ် ဖွင့်ထားပြီး ကျဉ်းမြောင်းတဲ့ လမ်းမှာ ယာဉ် ၂ စီးရှောင်တိမ်းလို့ မလွတ်နိုင်ဘဲ ထိခိုက်မှုဖြစ်တာလို့ ကနဦးသုံးသပ်ပြီး နောက်ထပ်အကြောင်းအရင်း အသေးစိပ်ကိုတော့ ဆက်လက်စုံစမ်း စစ်ဆေး နေတယ်လို့ ရဲစခန်းက ပြောပါတယ်။