အမြန်လမ်းမသွား ခရီးသည်တင်ဘတ်စ်များ ကုန်တင်ပါက အရေးယူမည်
DVB
·
December 3, 2015
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို အသုံးပြုသွားလာနေတဲ့ ခရီးသည်တင်ယာဉ် ဘတ်စ်ကားတွေမှာ ကုန်စည်တွေ တင်ဆောင်ခြင်း မပြုကြဖို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေးချက် ထုတ်ပြန်ထားပါတယ်။
လက်ရှိ အမြန်လမ်းမှာ သွားလာနေတဲ့ ဘတ်စ်ကားတွေမှာ ခရီးသွားပြည်သူတွေရဲ့ ပစ္စည်းတွေအပြင် သစ်သီးဝလံ၊ ပန်းမန်၊ သားငါး၊ ဂဏန်းတွေပါ တင်ဆောင်သွားလာနေတဲ့အတွက် ခရီးသည်တွေရဲ့ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေး ထိခိုက်လာနေတာ စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ခရီးသည်တင်ကားဂိတ်က ဂိတ်မှူးတယောက်ကတော့ ခရီးသည်တင်ကားတွေမှာ အမြင့်လိုင်းနဲ့ အနိမ့်လိုင်းဆိုတာရှိပြီး အနိမ့်လိုင်းကားတွေကတော့ ကုန်တင်မောင်းကြမှ တွက်ခြေကိုက်တယ်လို့ ပြောပါတယ်။
“အမြင့်လိုင်း အနိမ့်လိုင်းဆိုတာရှိတယ်၊ ကားကောင်းတွေနဲ့ ကားလိုင်းကြီးတွေ ရှိတယ်၊ အောက်လိုင်းကားတွေကျတော့ ပစည်းလေးပါမှပဲ ယာဉ်မောင်းပေးတာနဲ့ ဓာတ်ဆီဖိုးနဲ့ ကားပြင်စရိတ်နဲ့ ကိုက်မယ်၊ ပစ္စည်းမပါဘူးဆိုရင်တော့ ကိုက်အောင်လို့ ယာဉ်စီးခ တိုးတောင်းမှပဲ ဖြစ်မယ်။”
ခရီးသည်တင်လိုင်းကားတွေ အများစုဟာ ခုချိန်မှာ လိုင်းပြေးဆွဲရတာ သိပ်မကိုက်ကြဘူးလို့လည်း ဆိုပါတယ်။
အမြန်လမ်း ပြင်ဆင်ထိန်းသိမ်းရေးအဖွဲ့က အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပညာပေးကာလထားပြီး ခရီးသည်တင်ကားပိုင်ရှင်တွေနဲ့ ဆွေးနွေးလုပ်ဆောင်ဖို့ရှိတယ်လို့ ပြောပါတယ်။
“ကုန်သယ်မှ ကိုက်မယ်ဆိုရင် ကျနော်တို့က ကုန်ကားသဘောမျိုးပဲ ထားပေးရမှာပေါ့၊ လုပ်ငန်းလိုင်စင်မှာကိုက ကုန်သယ်နဲ့ ခရီးသည်တင်ဆိုတာ ရှိပါတယ်၊ လူသယ်ဖို့ လုပ်ပြီးရင်တော့ လူ့အသက်အန္တရာယ်ကိုပဲ ဦးစားပေး စဉ်းစားရပါမယ်။”
ဒီကိစ္စနဲ့ပတ်သက်ပြီး အမြန်လမ်း ပြင်ဆင်ထိန်းသိမ်းရေးအဖွဲ့နဲ့ ခရီးသည်တင် ယာဉ်ပိုင်ရှင်တို့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
ဒါ့ကြောင့် ခရီးသွားတွေ အမှန်တကယ် သယ်ဆောင်လာတဲ့ လက်ဆွဲပစ္စည်းတွေမှအပ ကျန်မသက်ဆိုင်တဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်သွားလာခြင်း မပြုကြဖို့နဲ့ ဒီဇင်ဘာ ၅ ရက်နေ့က စပြီး သယ်ယူလာတာ စစ်ဆေးတွေ့ရှိရင် ဥပဒေအရ အရေးယူသွားမယ်လို့ အသိပေး ကြေညာထားပါတယ်။