အမြန်လမ်းတွင် ကလေး-ရန်ကုန် ခရီးသည်တင်ကားမှောက်၊ သံဃာ ၄ ပါး အပါအဝင် ၁၁ ဦး သေဆုံး
DVB
·
March 5, 2019
နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးမှာ ဒီမနက် ၆ နာရီလောက်က ကလေးမြို့ကနေ ရန်ကုန်ကို ပြေးဆွဲတဲ့ ခရီးသည်တင်ကား တိမ်းမှောက်ပြီး သံဃာ ၄ ပါးအပါအဝင် ခရီးသည် ၁၁ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရသွားပါတယ်။
နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင်အမှတ် ၇၇/၃-၇၇/၄ အကြားမှာ ကလေးမြို့နေ ယာဉ်မောင်း ဦးဝင်းထွန်း မောင်းနှင်လာတဲ့ 6G/4---High Class (ကလေး-ရန်ကုန်) ခရီးသည်တင်ကားဟာ ဘီးပေါက်ပြီး လမ်းလယ်ကျွန်း Guard rails တန်းကို ဝင်တိုက်မိကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့တာလို့ အမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်မှာ လိုက်ပါသူ ၄၂ ဦး အနက် သံဃာတော် ၄ ပါး၊ ကျား ၃ ဦး၊ မ ၄ ဦးသေဆုံးပြီး သံဃာ ၁ ပါး၊ ကျား ၁၅ ဦး၊ မ ၉ ဦး ဒဏ်ရာရသွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒဏ်ရာရရှိသူတွေကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့ အုတ်ရှစ်ကုန်းစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ အထောက်အကူပြု အဖွဲ့တွေက ကူညီဆောင်ရွက်ပေးနေပါတယ်။