သင်္ကြန်ကာလ အမြန်လမ်းတလျှောက် ကားများပြည့်ကျပ်နေ
ပိုင်စိုး
·
April 13, 2019
သင်္ကြန်ကာလ ရန်ကုန်မြို့အထွက် အမြန်လမ်းတလျှောက်မှာ ကားတွေ ထူးထူး ကဲကဲများပြားပြည့်ကျပ်နေပြီး တိုးလ်ဂိတ်တွေရဲ့ ရှိသမျှဂိတ်ပေါက်တွေ ဖွင့်ပေးထားရတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က သိရပါတယ်။
မဟာသင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက် မနက် ၁ နာရီလောက်ကစပြီး အမြန်လမ်းရဲ့ အသွားအပြန်လမ်းကြောတွေမှာ ကားတွေ အသွားအလာ များနေလို့ ခရီးသွားတွေလည်း လမ်းခရီးကြန့်ကြာမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
ရန်ကုန်ကနေ တောင်ကြီးကို သွားနေတဲ့ အမျိုးသမီးတယောက်က “ည ၉ နာရီလောက်က ရန်ကုန်ကနေထွက်တာ မနက် ၃ နာရီမှ ၁၁၅ မိုင်ကိုရောက်တယ်။ လမ်းတလျှောက်ကားတွေ အများကြီးပဲ။ ရန်ကုန်ထဲမှာ ပိုပြီး ပိတ်တယ်။ ၁၁၅ မိုင်ရဲ့ ဟိုဘက်ကတော့ သိပ်မပိတ်တော့ဘူး” လို့ ပြောပါတယ်။
ကားတွေပိတ်နေတာ များနေသလို အမြန်လမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ ညမှာတင် ယာဉ်တိုက်မှု အနည်းဆုံး ၃ မှု ဖြစ်ခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က ပြောပါတယ်။
ဓာတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့