စုတ်ပြဲစွန်းထင်း မဲလက်မှတ်များ အသစ်လဲလှယ် မဲပေးကြရန် ကော်မရှင် တိုက်တွန်း
DVB
·
November 7, 2015
မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ပယ်မဲမဖြစ်စေဖို့ ဆန္ဒမဲလက်မှတ် ထုတ်ယူချိန်မှာ မဲလက်မှတ်တွေ စုတ်ပြဲနေတာ၊ အမှတ်အသား အစွန်းအထင်းတွေ ပါနေတာတွေ့ရင် မဲလက်မှတ် ပြန်လဲလှယ်ပေးဖို့ တောင်းဆိုနိုင်တယ်လို့ ကော်မရှင်က အသိပေး ကြေညာလိုက်ပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့ မနက်ဖြန် နိုင်ငံတ၀န်း ဆန္ဒမဲပေးကြမယ့် ပြည်သူတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၆ ရက် နေ့စွဲနဲ့ ထုတ်ပြန် ပြောကြားလိုက်တာပါ။
မဲလက်မှတ်တွေကို မဲမထည့်ရသေးခင်မှာသာ လဲလှယ်ပေးမှာဖြစ်ပြီး ဆန္ဒမဲ ပေးပြီးသွားချိန်ကျရင်တော့ လဲလှယ်ပေးမှာ မဟုတ်တော့ဘူးလို့ ကော်မရှင်ကြေညာချက်မှာ ဖော်ပြပါတယ်။
မဲလက်မှတ်တွေမှာ မဲရုံမှူးလက်မှတ်တွေ ပါဖို့လိုသလို မဲလက်မှတ်တွေ စုတ်ပြဲနေတာ၊ အမှတ်အသားတွေ ပါနေတာနဲ့ အစွန်းအထင်းတွေ ပါနေရင်လည်း ပယ်မဲအဖြစ် သတ်မှတ်ခံရမှာလည်း ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ - ဖိုးဉာဏ်ဖေ့စ်ဘွတ်ခ်