လှေစီးဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂၅ ဦး နေရပ်ပြန်ပို့
DVB
·
August 26, 2015
မြန်မာနိုင်ငံက ကယ်ဆယ်ထားတဲ့ ပင်လယ်ပြင် လှေစီးဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂၅ ဦးကို ရခိုင်ပြည်နယ် တောင်ပြို (လက်ဝဲ) ကနေ နယ်စပ်ကတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သြဂုတ် ၂၅ ရက်က တရားဝင် ပြန်လွှဲပေးလိုက်ပြီလို့ မြန်မာနိုင်ငံခြားရေးဌာနက ကြေညာပါတယ်။
စိစစ်အတည်ပြုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂၅ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ရင်းအမှတ် ၁၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မိုဟာမက်ရာဘီးယူ အစ္စလာမ် ဦးဆောင်တဲ့ အဖွဲ့ထံ လွှဲပြောင်းပေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်မှာ ပြန်လည်ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာ တွေ့ရှိ ကယ်ဆယ်ထားသူတွေထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စုစုပေါင်း ၆၂၆ ဦးကို ၅ ကြိမ်ခွဲပြီး မူရင်းနေရပ် ပြန်ပို့ပြီးသွားပြီလို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ ရက်က ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေ့ရှ် ၂၀၀ လိုက်ပါလာတဲ့ လူမှောင်ခို လှေတစီးကို မြန်မာရေတပ်က ကယ်ဆယ်ခဲ့သလို မေလ ၂၉ ရက်ကလည်း ဧရာဝတီတိုင်း ဖျာပုံမှာ ဘင်္ဂါလီ ၇၀၀ ကျော် လိုက်ပါလာတဲ့ လှေတစီး ဖမ်းမိခဲ့တာဖြစ်ပြီး အသုတ်လိုက်ခွဲ နေရပ်ပြန်ပို့ပေးနေတာလည်း ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ - အမ်အိုအိုင်