ရခိုင်နှင့် မွန်ပါတီသစ်များ မှတ်ပုံတင်ကျ၊ ပါတီပေါင်း ၉၄ ပါတီထိ ရှိလာမည်
DVB
·
July 16, 2015
၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပါတီသစ်တွေ မှတ်ပုံတင် ခွင့်ပြုချက်တွေ ထပ်မံချပေးနေရာမှာ ခုနောက်ဆုံး ရခိုင်နဲ့ မွန်ပါတီသစ် ၂ ပါတီ မှတ်ပုံတင်ခွင့် ရရှိသွားပါတယ်။
ရခိုင်ပြည်နယ် စစ်တွေအခြေစိုက် ရခိုင်မျိုးချစ်ပါတီနဲ့ မွန်ပြည်နယ် မော်လမြိုင် အခြေစိုက် အမျိုးသမီးပါတီ (မွန်) တို့ကို ဇူလိုင် ၁၅ ရက်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုလိုက်တာပါ။
ပါတီသစ်တွေ မှတ်ပုံတင် ချပေးလိုက်တဲ့အတွက် ရခိုင်တိုင်းရင်းသား ကိုယ်စားပြုပါတီတွေအဖြစ် ရခိုင်အမျိုးသားပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီနဲ့ ရခိုင်မျိုးချစ်ပါတီတို့ ၃ ပါတီ ရှိလာပြီဖြစ်ပြီး မွန်တိုင်းရင်းသားပါတီ အဖြစ်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနဲ့ အမျိုးသမီးပါတီ (မွန်) ဆိုပြီး အဓိက ၃ ပါတီ ရှိလာပြီဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ရှိ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေး ပါတီပေါင်း ၈၈ ပါတီ ရှိသွားပြီဖြစ်ပြီး မှတ်ပုံတင်ချပေးဖို့ နောက်ထပ် ၆ ပါတီ ကျန်ရှိနေသေးတဲ့အတွက် ရွေးကောက်ပွဲ မတိုင်ခင် တရားဝင်ပါတီပေါင်း ၉၄ ပါတီအထိ ရှိမယ်လို့ ကော်မရှင် ဒု-ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ဒီဗွီဘီကို ပြောပါတယ်။
ဒါပေမယ့် ဒီပါတီ ၉၀ ကျော်စလုံး လာမယ့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ်၊ မပြိုင်ဘူး ဆိုတာကတော့ တိတိကျကျ မသိရသေးပါဘူး။
နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေအရတော့ ရွေးကောက်ပွဲမှာ အနည်းဆုံး မဲဆန္ဒနယ် ၃ နေရာမှာ ကိုယ်စားလှယ်လောင်း ၀င်မပြိုင်တဲ့ ပါတီတွေအနေနဲ့ ဖျက်သိမ်းခံရမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ဘဏ်အာမခံကြေး ကျပ် ၃ သိန်း ပေးသွင်းပြီး ဇူလိုင် ၂၀ ရက်ကစပြီး သြဂုတ် ၈ ရက် နောက်ဆုံးထား လျှောက်ထားကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။