အထောက်အထားမဲ့ မြန်မာ ၇ ဦး မဲဆောက်လေဆိပ်တွင် ဖမ်းဆီးခံရ
DVB
·
July 13, 2015
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ခရီးသွားလက်မှတ်မပါဘဲ လေယာဉ်စီးဖို့ ပြင်နေတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းအိုင်အန်အန်သတင်းမှာ ဖော်ပြပါတယ်။
ဇူလိုင် ၁၂ ရက် ညနေ ၆ နာရီအချိန်က မဲဆောက်ကနေ ဘန်ကောက်ကို လေယာဉ်နဲ့ ထွက်ခွာဖို့ ပြင်နေတဲ့ နယ်စပ်မှ တရားမ၀င် ၀င်ရောက်လာသူ မြန်မာနိုင်ငံသား ကိုစိုး နဲ့ အပေါင်းအပါ ၇ ဦးကို မဲဆောက်လေဆိပ်မှာ ဖမ်းဆီးရမိတယ်လို့ အမှတ် ၆ ကမ္ဘာလှည့် ခရီးသွားဆိုင်ရာ ထိုင်း ရဲတပ်ဖွဲ့ တာဝန်ကျရဲအရာရှိ ဒု-ရဲမှူးတော်လာဘ်တိန်မတ်က သတင်းထောက်တွေကို ပြောပါတယ်။
နိုင်ငံခြားသား ဒါမှမဟုတ် ရွှေ့ပြောင်းအလုပ်သမားတွေဟာ ယခင်က ထိုင်းနိုင်ငံတွင်း လေယာဉ်စီးမယ်ဆိုရင် နိုင်ငံကူးလက်မှတ် သို့မဟုတ် ခရီးသွားလက်မှတ် ပါရှိရမှာဖြစ်ပြီး အခုနောက်ပိုင်း ပန်းရောင်အလုပ်သမားကတ် ဒါမှမဟုတ် ထိုင်းအစိုးရက အသိအမှတ်ပြုထားတဲ့ လက်မှတ်တခုခု(ဓာတ်ပုံနဲ့အတူ)ပါရင် လေယာဉ်စီးခွင့်ပြုထားကြောင်း၊ ဒါပေမယ့် အထောက်အထားမဲ့သူတွေပါ စီးနင်းတာကို တွေ့ရှိရတဲ့အတွက် လုံခြုံရေးကို ပိုမိုတိုးမြှင့် ဆောင်ရွက်ဖို့၊ ရွှေ့ပြောင်းအလုပ်သမားတွေကို သတိထားစောင့်ကြည့်ဖို့ တာ့ခရိုင်ဝန် နိုင်းဆုမ်ချိုင်းဟထယတ်တန့်က သက်ဆိုင်ရာကို ညွှန်ကြားထားကြောင်း သတင်းမှာ ဖော်ပြး ပါတယ်။