Home
မြန်မာသတင်း
ဒေါက်တာသန့်မြင့်ဦး ဖူကူအိုကာ Grand Prize ဆုရရှိ
DVB
·
June 20, 2015
thant myint oo
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) တည်ထောင်သူ ဒေါက်တာ သန့်မြင့်ဦးဟာ ၂၀၁၅ ခုနှစ်အတွက် ဖူကူအိုကာ Grand Prize ပေးအပ်ခံရကြောင်း ဖူကူအိုကာ ဆုချီးမြှင့်ရေး ကော်မတီက ဇွန် ၁၉ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အာရှနဲ့ လူ့အဖွဲ့အစည်းအတွက် သူ့ရဲ့ သူမတူထူးခြားတဲ့စွမ်းဆောင်မှုကြောင့် ဒေါက်တာသန့်မြင့်ဦးဟာ ဖူကူအိုကာ Grand Prize ကို အမှန်တကယ်ထိုက်တန်တဲ့ ဆုရှင်ဖြစ်တယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဂျပန်အခြေစိုက် ဖူကူအိုကာ Grand Prize ဟာ အာရှရဲ့ပညာရေး၊ အနုပညာနဲ့ ယဉ်ကျေးမှု ဆိုင်ရာကဏ္ဍတွေမှာ ထူးချွန်စွာ စွမ်းဆောင်ခဲ့သူတွေကို နှစ်စဉ်ပေးအပ်တဲ့ဆုဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွက် သမိုင်းဆိုင်ရာကဏ္ဍအတွက် Grand Prize ကို မြန်မာနိုင်ငံသား ဒေါက်တာသန့်မြင့်ဦး၊ Academic Prize ကို အိန္ဒိယနိုင်ငံသား ရာမာချန်ဒရာဂူဟာတို့က ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး  အနုပညာနဲ့ယဉ်ကျေးမှုဆိုင်ရာကဏ္ဍအတွက် Academic Award ကို ဗီယက်နမ်နိုင်ငံသူ မင်းဟဲန်က ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒေါက်တာသန့်မြင့်ဦးက “အခုလို တန်ဖိုးကြီးမားတဲ့ ဆုကိုရရှိတဲ့အတွက် အလွန်ဝမ်းသာ ဂုဏ်ယူမိတယ်” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဒေါက်တာသန့်မြင့်ဦးဟာ ၂၁ ရာစုအာရှရဲ့ ထင်ရှားတဲ့ပညာရှင်တဦးဖြစ်ပြီး မြန်မာပြည်သူလူထုရဲ့အသံကို ကိုယ်စားပြုပြီး နိုင်ငံတကာအသိုက်အ၀န်းနဲ့ ချိတ်ဆက်ပေးသူတဦး ဖြစ်တယ်လို့ ကော်မတီက ညွှန်းဆိုခဲ့ပါသေးတယ်။ ဒေါက်တာသန့်မြင့်ဦးဟာ  မြန်မာနိုင်ငံရှိ သမိုင်းဝင် အဆောက်အအုံတွေ  ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ရေရှည်တည်တံ့တဲ့ မြို့ပြစီမံကိန်းရေးဆွဲရေးကိစ္စရပ်တွေမှာ တစိုက်မတ်မတ်လုပ်ဆောင်နေတာပါ။ မြန်မာနိုင်ငံသမိုင်းကြောင်းကို လက်လှမ်းမီ သမျှ ရေးသားနေတဲ့ သမိုင်းပညာရှင်တဦးလည်း ဖြစ်ပါတယ်။ ဒေါက်တာသန့်မြင့်ဦးဟာ ၂၀၀၀ ပြည့်နှစ်မှာ သူ့ရဲ့ပထမဆုံးစာအုပ်ဖြစ်တဲ့ “The Making of Modern Burma” ကို စတင်ရေးသားခဲ့ပြီး သူရေးသားခဲ့တဲ့စာအုပ်တွေထဲက “ခြေရာပျောက်မြစ်”နဲ့ “တရုတ်နှင့် အိန္ဒိယ ဆုံမှတ်” စာအုပ်များကို မြန်မာဘာသာနဲ့ ပြန်ဆိုခဲ့ပြီးဖြစ်ပါတယ်။ “ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ အရေးကြီးလှတဲ့ လုပ်ငန်းတာ ၀န်တွေကို ဒီဆုကထင်ဟပ်နေပြီး မြန်မာ-ဂျပန်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး ပြယုဂ်လည်း ဖြစ်ပါတယ်။ ဒီဆုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံယူနိုင်ဖို့အတွက် ဒီနှစ်အတွင်းမှာ ဂျပန်နိုင်ငံကို သွားရောက်နိုင်ဖို့လည်း မျှော်လင့်ပါတယ်” လို့ ဒေါက်တာသန့်မြင့်ဦးရဲ့စကားကို ကိုးကားပြီး ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT) ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဧပြီလတုန်းကလည်း ဒေါက်တာသန့်မြင့်ဦးဟာ ဗြိတိန်နိုင်ငံ Prospect မဂ္ဂဇင်းက ရွေးချယ်တဲ့ ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူ ၅၀ စာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ဖူကူအိုကာဆုကို မြန်မာနိုင်ငံမှ ၂၀၀၀ ခုနှစ်အတွက် ဒေါက်တာသန်းထွန်း နဲ့ ၂၀၀၅ ခုနှစ်အတွက် ဒေါက်တာသော်ကောင်းတို့လည်း ရရှိခဲ့ဖူးတဲ့အတွက် ဒေါက်တာသန့်မြင့်ဦးဟာ မြန်မာနိုင်ငံသားများ ထဲမှ တတိယမြောက်ဆုရရှိသူဖြစ်လာတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013