မဲဆောက်တွင် မြန်မာအလုပ်သမား ၂ ဦး ရိုက်သတ်ခံရ
DVB
·
May 29, 2015
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ပေါ်က ဆောက်လက်စ ၃ ထပ်တိုက်ကြီး တခုမှာ မြန်မာအလုပ်သမား ၂ ဦး ရိုက်သတ်ခံခဲ့ရတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မေ ၂၈ ရက် မနက် ၈ နာရီအချိန်က လူသေမှုဖြစ်ပွားကြောင်း သတင်းပို့ချက်အရ အခင်းဖြစ်ပွားရာ မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက်ရှိ အိမ်အမှတ် ၁၂၄/၁ ဆောက်လက်စ ၃ ထပ်တိုက်ပေါ် တက်ရောက်ကြည့်ရှုစစ်ဆေးရာမှာ မာကျောသောအရာတွေနဲ့ ထုနှက်ခံထားရပြီး သေဆုံးနေတဲ့ လူ ၂ ဦးအလောင်း၊ သွေးစတွေပေနေတဲ့ သစ်သား တချောင်းကို တွေ့ရတယ်လို့ မဲဆောက်မြို့မ ရဲစခန်း တာဝန်ကျရဲအရာ ရှိ နိုင်းဆစ်ဒါ ဘိုဆမ်လီ က သတင်းထောက်တွေကို ပြောပါတယ်။
အနီးတ၀ိုက် နေထိုင်သူတို့ ပြောပြချက်အရ သေဆုံးသူ ၂ ဦးမှာ ဦးလှဦး (အသက် ၅၀) နဲ့ ဦးမင်းမင်း ( ၅၂) နှစ်တို့ဖြစ်ပြီး ပန်းရံအလုပ်သမားတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဦးလှဦးမှာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာ ၁၀ ချက်၊ ဦးမင်းမင်းမှာလည်း ဦးခေါင်း၊ မျက်နှာ နဲ့ ခန္ဒာပေါ်မှာ ဒဏ်ရာအသီးသီးရရှိ သေဆုံးခဲ့တာလို့ ရဲအရာရှိက ဆက်ပြောပါတယ်။
[caption id="attachment_95006" align="aligncenter" width="770"] ဓာတ်ပုံ - thairath[/caption]
ဒဏ်ရာတွေကို စစ်ဆေးချက်အရ သေဆုံးသူတွေဟာ မသေခင်အချိန်က ခုခံထိုးကြိတ်ကြဟန်ရှိကြောင်း၊ ဒါ့အပြင် အနီးတ၀ိုက်မှာ အရက်ပုလင်း နဲ့ ပြန့်ကြဲနေတဲ့ ပစ္စည်းအသုံး အဆောင်တွေ တွေ့ရှိတဲ့အတွက် မြန်မာအလုပ်သမားအချင်းချင်း အရက်မူး ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ယူဆရပြီး လူသတ်မှုကျူးလွန်သူတွေဟာလည်း ၄- ၅ ဦးလောက် ရှိ မယ်လို့ ရဲအရာရှိက ခန့်မှန်းပြောဆိုပါတယ်။
အဲဒီ ကျူးလွန်သူတွေဟာလည်း မြန်မာဘက်ခြမ်းကို ထွက်ပြေးသွားတယ်လို့ ယူဆတဲ့ အတွက် တရားခံတွေကို ဖမ်းမိဖို့ တဘက်နိုင်ငံက မြန်မာအာဏာပိုင်တွေနဲ့ ဆက် သွယ်ဆောင်ရွက်နေတယ်လို့ ရဲအရာရှိက သတင်းထောက်တွေကို ပြောသွားပါတယ်။