တာချီလိတ်တွင် ထိုင်း ၄ ဦးထံမှ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
May 23, 2015
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ကျပ်သိန်းပေါင်း ၁၆၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိပြီး တရားခံတွေထဲမှာ ထိုင်းနိုင်ငံသား ၄ ဦး ပါဝင်တယ်လို့ တာချီလိတ်ခရိုင် မူးယစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်ထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုရှိကြောင်း ကြိုတင်သတင်းရထားချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု ၁၄ နဲ့ ရဲတပ်ဖွဲ့၊ စစ်ဘက်လုံခြုံရေးတို့ ပူးပေါင်းပြီး အိမ်အမှတ် ၁၇၆ ကို မေလ ၂၀ ရက်နေ့ ညနေပိုင်းက ၀င်ရောက်စီးနင်းရှာဖွေခဲ့တာလို့ တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့က ရဲအုပ် အောင်ကျော်စိုးက ဒီဗွီဘီကို ပြောပါတယ်။
ဝင်ရောက်စီးနင်းမှုမှာ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၆၂.၇၅ ကျော်ရှိတဲ့ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြားတွေနဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေပါ ဖမ်းဆီးရမိတယ်လို့ သူကဆက်ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အိမ်တွင်းမှာရှိတဲ့ မြန်မာနိုင်ငံသား စိုင်းနော်ခမ်း၊ နန်းရှဲန်ရွက်၊ နန်းဝိုးဟွမ်တို့ ၃ ဦးအပြင် ထိုင်းနိုင်ငံသားတွေဖြစ်ကြတဲ့ အာလေလောမေ၊ မာဖိန်းယားမာ၊ အထိပတိမ်နဲ့ ဆူဝိန်ကျန်ထနာတို့ ၄ ဦး၊ စုစုပေါင်း ၇ ဦးကို တာချီလိတ် ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံသားတွေဟာ မြန်မာပြည်ထဲမှာ လာရောက်ပြီး တရားဥပဒေ ချိုးဖောက်တာဖြစ်တဲ့အတွက် မြန်မာနိုင်ငံဥပဒေအရ ပြစ်ဒဏ်စီရင်ခြင်းခံရပြီးမှ သူတို့နိုင်ငံကို ပြန်လွှဲပေးမယ်လို့ ရဲအုပ်က ပြောသွားပါတယ်။
မူးယစ်ဆေးဝါးကာကွယ်တားဆီးရေးနေ့ နီးကပ်လာပြီဖြစ်တဲ့အတွက် သူတို့အနေနဲ့ မူးယစ်ဆေးဝါးကာကွယ်တားဆီးရေး လှုံ့ဆော်ပညာပေးရေးတွေ ဆောင်ရွက်နေသလို မူးယစ်ဆေးဝါးနှိမ်နင်းရေးစီမံချက်ကိုလည်း မေလ ၁၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၁ ရက်နေ့ထိ ၄ လတာ ဆောင်ရွက်ဖို့ အထက်က ညွှန်ကြားထားတယ်လို့ ရဲအုပ် အောင်ကျော်စိုးက ဒီဗွီဘီကို ပြောသွားပါတယ်။
ဓာတ်ပုံ-တာချီလိတ်မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့
[gallery ids="94134,94135,94136,94137,94138,94139,94140"]