ထိုင်းစစ်တပ်နှင့် မူးယစ်ကုန်သည်အဖွဲ့ ပစ်ခတ်မှုဖြစ်
DVB
·
July 2, 2015
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်က မြန်မာနယ်စပ်တနေရာမှာ ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေး ၀ါးကုန်သည်တွေကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်ဘက်က စိတ်ကြွဆေး ၁ သိန်း သိမ်းဆည်းရမိခဲ့ပါတယ်။
ချင်းရိုင်းခရိုင် မယ်ဖာ့လုန်မြို့နယ် ထိုတ်ထိုင်းကျေးရွာအုပ်စုထဲမှာ နယ်စပ်ဘက်ကနေ မူးယစ်ဆေးဝါး အချီကြီး ၀င်ရောက်လာဖို့ရှိကြောင်း ကြိုတင်ထောက်လှမ်းသိရှိချက်အရ နယ်မြေခံ ရဲနဲ့စစ်တပ် ပူးပေါင်းပြီး သွားစောင့်ဖမ်းခဲ့တာလို့ အမှတ် ၂ အထူးစစ်ဆင်ရေးတပ်ဖွဲ့က တပ်မှူး ဗိုလ်မှူး ပရဖတ် ဖုပ်ဆုဝမ်းက ဇွန်လ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်က ထိုတ်ထိုင်းကျေးရွာ အုပ်စု ဖာကျိကျေးရွာအနီး တောထဲမှာ သွားရောက်စောင့်ဆိုင်းစဉ် ည ဆယ်နာရီခွဲအချိန် ကျောပိုးအိတ်နဲ့ သေနတ် ကိုင်ထားတဲ့ လူ ၃-၄ ဦး နယ်စပ်ဘက်ကနေ ၀င်ရောက်လာကြောင်း၊ သူတို့က တားဆီးစစ်ဆေးဖို့ ကိုယ်ယောင်ပြချိန်မှာ အဲဒီလူတွေက အရင်ဆုံး သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှု ၅ မိနစ်ကြာ ဖြစ်ပွားခဲ့ပြီး ကုန်သည်တွေ တောထဲဝင်ရောက်ပျောက် ကွယ်သွားခဲ့တယ်လို့ ဆိုပါတယ်။
အသံတွေ ငြိမ်သက်လို့ နယ်မြေ၀င်ရောက် ရှင်းလင်းရာမှာတော့ သူတို့ပစ်ထားခဲ့တဲ့ ဆာလာအိတ်ထဲကနေ စိတ်ကြွဆေးပြား အထုတ်ပေါင်း ၅၀၊ အလုံးရေ ၁ သိန်းကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းတပ်မှူးက ပြောပါတယ်။
ဒါ့အပြင် အဲဒီနဲ့ မီတာ ၅၀ အကွာမှာ သေနတ်ကျည်ပေါက်ရာနဲ့ အစိမ်းရောင် ကက်ဦးထုတ်တလုံး၊ အနက်ရောင် ဘွတ်ဖိနပ်တဘက်၊ ဆေးဝါးတွေပါလာတဲ့ ကျောပိုးအိတ်တလုံးပါ သက်သေအဖြစ် ဖမ်းဆီးရမိကြောင်း၊ ထွက်ပြေးလွတ်မြောက်သွားသူတွေကိုလည်း ဖမ်းဆီးအရေးယူနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ တပ်မှူုးက သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။