Homeမြန်မာသတင်း
ထိုင်းစစ်တပ်နှင့် မူးယစ်မှောင်ခိုအဖွဲ့ ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေ၊ စိတ်ကြွဆေး ၁ သိန်းဖမ်းမိ
ထိုင်းစစ်တပ်နှင့် မူးယစ်မှောင်ခိုအဖွဲ့ ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေ၊ စိတ်ကြွဆေး ၁ သိန်းဖမ်းမိ
နန်းမြနဒီ
·
November 28, 2018
ထိုင်း-မြန်မာနယ်စပ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းစစ်တပ်နဲ့ မူးယစ်မှောင်ခိုသမားတွေ ပစ်ခတ်မှုဖြစ်ပြီး ၅ ဦးသေဆုံးခဲ့တဲ့နောက် မနေ့ညကလည်း ပစ်ခတ်မှု ထပ်ဖြစ်ပွားကာ မူးယစ် အဖွဲ့ဝင် ၁ ဦးသေဆုံးပြီး စိတ်ကြွဆေးပြား ၁ သိန်းနဲ့ ဘိန်းဖြူတွေ ဖမ်းမိတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ်၊ ထာ့ဒွန်းအုပ်စုထဲမှာ မူးယစ်ဆေးဝါးသယ် ဆောင် ဖြတ်သန်းလာဖို့ရှိကြောင်း ကြိုတင်သတင်းရရှိတဲ့အတွက် အမှတ် ၃ ကွန်မန်ဒိုတပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ နယ်မြေထဲမှာ စောင့်ကြပ်စစ်ဆေးနေခဲ့တာပါ။
ည ၇ နာရီ ၁၅ မိနစ်လောက်မှာ မြန်မာနယ်စပ်နဲ့ ၂ ကီလိုလောက်အကွာ ဆန်တွန့်ဒုတ် လားဟူရွာ အနီးတောထဲမှာ ကျောပိုးအိတ်တွေနဲ့ ဖြတ်လျှောက်လာသူ ၅ ယောက်ကို တာဝန်ရှိသူတွေက ရပ်ဖို့အမိန့်ပေးရာမှာ သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်လို့ မိနစ် ၂၀ လောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ အမှတ် ၃ ဒေသ တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဧက၀ုဒ် ဆွတ်လုတ်က သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမယ့် အမှောင်ထဲမှာမို့ နယ်မြေရှင်းလင်းရေးကို ချက်ချင်းမလုပ်နိုင်သေးဘဲ ဒီကနေ့မနက် ၀င်ရောက်စစ်ဆေးရာမှာတော့ အလောင်း ၁ လောင်းနဲ့ စိတ်ကြွဆေးတွေပါတဲ့ အိတ် ၁ လုံး၊ ဟီးရိုးအင်းပါ အထုတ် ၂ ထုတ်ကို တွေ့ရှိခဲ့ပါတယ်။
အဆိုပါအိတ်ထဲမှာ စိတ်ကြွဆေးပြား ၁ သိန်းပါရှိပြီး အထုတ် ၂ ထုတ်ပေါင်းက ဘိန်းဖြူ အလေးချိန် ၁ ကီလိုရှိကာ နောက်ထပ်ကွင်းဆက်တွေလည်း ဆက်လက်စုံစမ်း စစ်ဆေးနေတယ် လို့ ဗိုလ်မှူးကြီး ဧက၀ုဒ်က ပြောပါတယ်။
နိုဝင်ဘာ ၂၅ ရက်ကလည်း ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ဒွိုင်နန်းနွန်းကျောက်ဂူကြီးအနီး ဒွိုင်ဖာမီတောင်ကြောမှာ ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးသယ်ဆောင်သူတွေ ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်မှောင်ခိုသမား ၅ ဦးသေဆုံးကာ စိတ်ကြွဆေးပြား ၁ သန်း ဖမ်းဆီးရမိခဲ့ပါတယ်။