Home
ဆောင်းပါး
ပြည်တွင်းစစ်နှင့် သယံဇာတ
DVB
·
May 21, 2015
A REBEL SHAN SOLDIER GUARDS A MOBILE CAMP OF THE REBEL SHAN STATE ARMY IN NORTHEASTERN MYANMAR.
A REBEL SHAN SOLDIER GUARDS A MOBILE CAMP OF THE REBEL SHAN STATE ARMY IN NORTHEASTERN MYANMAR.
ပြည်နယ်များရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ တိုင်းရင်းသားပါတီများက ဖက်ဒရယ်စနစ်ကို ပြည်ထောင်စုအစိုးရထံမှ  တောင်းဆိုနေရာ သယံဇာတခွဲဝေရေးလည်း ပါပါသည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းစစ်အစိုးရသည် ရိုးသားစွာတောင်းဆိုသော တိုင်းရင်းသားတို့၏ တောင်းဆိုချက်ကို ပြည်နယ်ခွဲထွက်ဖို့ ကြိုးစားနေသည်။ တိုင်းပြည်ချောက်ထဲမကျခင် လက် ၂ လုံးလောက်သာ လိုတော့သည်ဟု အကြောင်းပြကာ အာဏာသိမ်းလိုက်လေသည်။ စင်စစ်ဖက်ဒရယ် ပြည်ထောင်စုဆိုသည်မှာ တိုင်းပြည်မှ သီးခြား ခွဲထွက်ခွင့် တောင်းခြင်း မဟုတ်ပေ။ ပြည်နယ်များအဖို့ ပြည်ထောင်စုမှ ခွဲထွက်ရေးမှာ အလွန်ပင်ပန်းလှပါသည်။ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး ဆိုရှယ်လစ်စနစ်ကို ခါချလိုက်သည့်အချိန်က အချို့ ပြည်နယ် အတော်များများမှာ ကသောင်းကနင်း ဖြစ်ကုန်ကြသည်။ နောက်တက်လာသော သမ္မတ ယဲ့လ်ဆင်က ပြည်နယ်များ ခွဲထွက်လိုက ခွဲထွက်နိုင်သည်ဟု ကြေညာလိုက်သောအခါ ပြည်နယ်များ ခွဲထွက်ကုန်ကြသည်။ ထိုအခါ ယခင် ပြည်ထောင်စုအစိုးရဖြစ်သော ရုရှားနိုင်ငံက အကူအညီမပေးနိုင်သောကြောင့် နိုင်ငံများ၏ စီးပွားရေးကျဆင်းလာသည်။ ဆိုဗီယက်ယူနီယံ ချက်ချင်း ပြိုကွဲသွားသည်နဲ့ ပတ်သက်ပြီး ထိုအချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်ဂျာက ဆိုဗီယက်ရဲ့ နောက်ဆုံးသမ္မတ ဂေါ်ဘာချော့ဗ်ကို “အပြောင်းအလဲ ခွင့်ပြုလိုက်သည်က လျင်မြန်လွန်းသည်။ သူတို့ စီးပွားရေးကို သူတို့ မတည်ဆောက်နိုင်မီ ခွဲထွက်ခွင့်ပြုလိုက်သဖြင့် ထိုနိုင်ငံများမှာ အခက်အခဲ တွေ့ကြရသည်။ မစ္စတာ ဂေါ်ဘာချော့စ် အနေဖြင့် တဆင့်ချင်း တဆင့်ချင်း ပြောင်းလဲသင့်သည်” ဟု ဝေဖန်ထောက်ပြသည်ကို ဖတ်ရှု ခဲ့ရပါသည်။ ယခု ဒီမိုကရေစီလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းနေသော မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုးစုအသီးသီးက ဖက်ဒရယ်စနစ် ကျင့်သုံးရန် တညီတညွတ်တည်း တောင်းဆိုနေကြသည်။ ဖက်ဒရယ်တွင် တန်းတူခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်မှာ အရေးအကြီးဆုံး ဖြစ်၏။ ထိုထဲတွင် သယံဇာတခွဲယူခွင့်လည်း ပါဝင်လေသည်။ လက်ရှိ ဖြစ်ပေါ်နေသော လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးသမားများနဲ့ ပြည်ထောင်စုအစိုးရတို့၏ စစ်ပွဲ၌ သယံဇာတထွက်ရှိရာ နေရာများကို သူပိုင်ကိုယ်ပိုင် အငြင်းပွားကာ တိုက်ပွဲဖြစ်နေသည်က များ၏။ ဥပမာ ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်းတွင်းများ ပြဿနာဖြစ်ပါသည်။ ၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ပြည်နယ်အသီးသီးမှ သယံဇာတများကို ပြည်မအစိုးရက လက်ဝါးကြီးအုပ်ခဲ့သည်။ ပြည်မအစိုးရက ခွဲဝေပေးသည်ကိုသာ ပြည်နယ်အစိုးရများက အသုံးချရလေသည်။ ကချင်ပြည်နယ် ဖားကန့်ဒေသမှ ကျောက် စိမ်းတွင်းများဆိုလျှင် တချို့ကျောက်စိမ်းထွက်ကောင်းသော တွင်းများကို စစ်တပ်မှ ဗိုလ်ချုပ်များ ပိုင်သည်ဟုပင် ပြောဆိုကြသည်။ တချို့ကို ခရိုနီစီးပွားရေးလုပ်ငန်းရှင်ကြီးများက ပိုင်လေသည်။ စက်တင်ဘာ ၂၉ ရက်နေ့က ထုတ်သော ရိုက်တာသတင်းတခုတွင် “မြန်မာ့ကျောက်စိမ်း အရောင်းအဝယ်လုပ်ငန်းအားလုံး၏ ထက်ဝက်ခန့်မှာ အခွန်အခ နည်းနည်း သို့မဟုတ် အခွန်စည်းကျပ်မှု မရှိပဲ နယ်စပ်မှ တရားမဝင်ဖြတ်၍ တရုတ်နိုင်ငံတွင်းသို့ ရောင်းချလျက်ရှိသည်။ ထို့ကြောင့် မြန်မာအစိုးရနှင့် ပြည်သူများမှာ အခွန်ဘီလီယံပေါင်းများစွာ နစ်နာ ဆုံးရှုံးနေသည်” ဟု ဖော်ပြထားပါသည်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ် အတွင်း မြန်မာနိုင်ငံသည် ကျောက်စိမ်းပမာဏ ကီလိုဂရမ် ၄၃ သန်းကျော် တူးဖော်နိုင်ခဲ့သည်။ ထိုကျောက်စိမ်း များကို ၁ ကီလိုဂရမ်လျှင် အမေရိကန် ဒေါ်လာ ၁ဝဝ နှုန်းခန့်ဖြင့် တန်ဖိုးဖြတ်ပါက စုစုပေါင်း အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံ (ဒေါ်လာသန်းပေါင်း ၄၃ဝဝ) အထိ တန်ဖိုးရှိပါသည်။ သို့သော် ထိုဘဏ္ဍာရေးနှစ်၌ အစိုးရ ရရှိသော အမေရိကန်ဒေါ်လာမှာ ၃၄ သန်းသာ ရှိသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထား၏။ ထိုသို့ အမှန်တကယ်ရရှိသော ကျောက်စိမ်းတန်ဖိုးကို လျော့လျော့ပေါ့ပေါ့ တွက်ထားခြင်းဖြစ်သည်။ ထိုကိစ္စကို သတ္တုတွင်းဝန်ကြီးဌာန သို့ ရိုက်တာသတင်းဌာနက စုံစမ်းမေးမြန်းရာ ဖြေကြားခြင်း မရှိခဲ့ပေ။ ဟားဘက်စ်အမည်ရှိ နိုင်ငံတကာအဖွဲ့အစည်းတခုက ၂ဝ၁၁ ခုနှစ်အတွင်း မြန်မာ့ ကျောက် စိမ်း အရောင်းအဝယ်လုပ်ငန်း၏ တန်ဖိုးမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ ဘီလီယံအထိ ရှိသည်ဟု ဆိုပါသည်။ ထိုကျောက်စိမ်းအားလုံးလိုလိုမှာ တရုတ်နိုင်ငံထဲသို့ တရားမဝင် ရောက်ရှိနေကြခြင်းသာ ဖြစ်သည်။ တရားဝင် ဆိုလျှင် ထိုမှောင်ခိုလမ်းကြောင်း သွားပြီးသည့် အကြွင်းအကျန်များကို နေပြည်တော်တွင် ရောင်းချပြီး ထိုရောင်း ချသည့် အခွန်တန်းဖိုးကိုသာ အစိုးရက ရရှိလေသည်။ ဖားကန့်မှ ထွက်သော ကျောက်စိမ်းများသည် စစ်တပ်အုပ် ချုပ်သောဒေသ၊ ကေအိုင်အေ အုပ်ချုပ်သော ဒေသများမှ ထွက်ကာ တရုတ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။ ဖားကန့်ဒေသကျောက်စိမ်းကုန်သည်များ၏ အဆိုအရ အကြီးဆုံးကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို တရုတ်ကုမ္ပဏီများနဲ့ ၄င်းတို့၏ လက်ခွဲကုမ္ပဏီများက လုပ်ကိုင်ကြောင်း၊ ထို့ကြောင့် တရုတ်ကုမ္ပဏီများ ယခင်စစ်အစိုးရနဲ့ ခရိုနီများကသာ ရရှိသွားခြင်းဖြစ်သည်ဟု ဆိုပါသည်။ ဖားကန့်ဒေသကျောက်စိမ်းလုပ်ကွက်များကို တရုတ်ကုမ္ပဏီများက အများစု ပိုင်ဆိုင်သလို တပ်မတော်၏ စီးပွားရေးလုပ်ငန်းဖြစ်သော  ဦးပိုင်လီမိတက်က ပိုင်ဆိုင်သည်ဟု ဆိုပါသည်။ ထို့ပြင် ယခင်စစ်အစိုးရနှင့် ပုလဲနံပသင့်ကာ အကျိုးဖြစ်ထွန်းခဲ့သော ခရိုနီ စီးပွားရေးလုပ်ငန်းရှင်များကလည်း ပိုင်ဆိုင်ကြောင်း သိရှိရလေသည်။ ဖားကန့်ကျောက်စိမ်းထုတ်လုပ်ရာဒေသသည် ဒုစရိုက်မှုအများဆုံး ဖြစ်လေသည်။ ထိုဒေသ တွင် ဘိန်းဖြူအရောင်းအဝယ်အဖြစ်ဆုံး၊ ဘိန်းဖြူအပေါဆုံး ဖြစ်၏။ ကျောက်စိမ်းတွင်း အလုပ်သမားများမှာ ဘိန်းဖြူသုံး၍ အလုပ်လုပ်လျှင် အလုပ်ပိုတွင်သည်ဟု ဆိုသည်။ ရသမျှငွေများကို ဘိန်းဖြူအတွက် ကုန်သွားကြသည်ချည်းဖြစ်သည်။ ထို့ကြောင့် ဖားကန့်ဒေသ ရောက်သူမှန်သမျှမှာ ဘိန်းဖြူနှင့် မကင်းကြပေ။ ဘိန်းဖြူမသုံးဟု အစက တင်းခံနေကြသော်လည်း ဘိန်းဖြူမသုံးလျှင် အလုပ်လုပ်၍ မရတော့ပေ။ ဘိန်းဖြူကို ဆေးထိုးအပ်နှင့် သုံး ရင်း တယောက်မှ တယောက် ကူးစက်ကာ HIV ပိုးအများဆုံးရှိသော ဒေသမှာလည်း ဖားကန့်ဒေသဖြစ်နေ တော့သည်။ ဖားကန့်ဒေသကို ဒုစရိုက်နယ်မြေဟု ခေါ်ဆိုရသည်မှာ ထိုကဲ့သို့ HIV ကူးစက်မှုများသလို ဘိန်းဖြူ အသုံးပြမှုလည်း များ၏။ ထို့ပြင် အားကြီးသူက အားနည်းသူကို အနိုင်ယူသော ဥပဒေမဲ့ဒေသလည်း ဖြစ်နေပါ သည်။ တရုတ်တို့အဖို့ ကျောက်စိမ်းသည် သူတို့၏ အမွန်အမြတ် ရတနာဖြစ်၏။ လာဘ်လာဘ ကောင်းသည်။ ထိုကဲ့သို့ အထွတ်အမြတ်ဖြစ်သော ကျောက်စိမ်းမှာ မြန်မာနိုင်ငံ ဖားကန့်ဒေသတခုတည်း၌ပင် အရည် အသွေးကောင်းသော ကျောက်စိမ်းများရရှိလေသည်။ ထိုကဲ့သို့ ကျောက်စိမ်းများကို တရားမဝင်နည်းဖြင့် တရုတ် နိုင်ငံထဲသို့ ကားကြီး၊ ကားငယ်ဖြင့် တင်သွင်းနေပါတော့သည်။ ကျောက်စိမ်း တရုတ်နိုင်ငံထဲ မည်မျှရောက်သည် ကို တရုတ် အစိုးရက စာရင်းဇယားဖြင့် မကြေညာပါ။ သို့သော် အဖိုးတန် ဒြပ်သတ္တုတမျိုးအဖြစ် ၂ဝ၁၂ တွင် ဒေါ်လာ ၂၃၉ သန်းဖိုး တင်သွင်းခဲ့သည်ဟု ကြေညာခဲ့သည်။ သို့သော် အမှန်တကယ်ထက် အဆများစွာ လျော့နည်းပါသည်။ အများစုသော ကျောက်စိမ်းများမှာ တရုတ် ပြည်ထဲ ရောက်နေသောကြောင့် မြန်မာအစိုးရအဖို့ ဘီလီယံနှင့်ချီကာ အခွန်လျော့နည်းနေပါတော့သည်။ ကျောက်စိမ်းတူးဖော်ရေးအတွက် ငွေအရင်းအနှီးများစွာ လိုအပ်သည့်အတွက် တရုတ်ကုမ္ပဏီ၊ တရုတ်လုပ်ငန်းရှင်များက ငွေအရင်းအနှီးအများအပြားထည့်ကာ ပိုင်ဆိုင်နေ ကြလေသည်။ ရိုက်တာ သတင်းအရ ဆိုလျှင် ဦးပိုင်ကုမ္ပဏီ၌ မြန်မာခရိုနီအရင်းရှင်ကြီးတဦးက ကျောက်စိမ်းလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင် ပိုင်ဆိုင်ထားသည်ဟု ဆိုပါသည်။ ထို့ကြောင့် ကျောက်စိမ်းသည် ကချင်ပြည်နယ်မှ ထွက်၏။ ကချင်ပြည်သူများ၏ နယ်မြေမှ ထွက်သောကြောင့် ထိုကျောက်စိမ်းတွင်းများမှ ထွက်သော အကျိုးအမြတ်များကို ထိုကချင်ပြည်သူများ ပိုင်ဆိုင်သင့်ပါသည်။ ကချင်ပြည်သူများက သူတို့ဒေသ ဖွံ့ဖြိုးရေးအတွက် ထိုအကျိုးအမြတ်များကို သုံးစွဲလိုပါသည်။ ကချင်ပြည်သူများအတွက် သူတို့ဒေသမှ ထွက်သောသယံဇာတများကို ပြည်မအစိုးရနဲ့ တန်းတူရပိုင်ခွင့် ရှိလေ သည်။ ပြည်တွင်းစစ်ကြီး ဖြစ်ရသည့်အကြောင်းအရင်းတွင် ထိုအချက်လည်း ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်လိုလျှင် တန်းတူခွင့်အတွက် အလေးအနက်စဉ်းစားရပေမည်။ ရခိုင်ပြည်နယ်မှ ထွက်သော သဘာဝဓာတ်ငွေ့နဲ့ ကမ်းလွန်ရေနံကို ရခိုင်ပြည်သူများကလည်း သက်ဆိုင်လေ သည်။ သို့သော် ရခိုင်ပြည်သူများမှာ တန်းတူပိုင်ဆိုင်ခွင့် မရရှိခဲ့ပါ။ ထိုပြဿနာများကို ပြည်မအစိုးရက  အလေးအနက်ထား စဉ်းစားရမည်။ ကချင်၊ ရှမ်း၊ ကရင်၊ ချင်း၊ မွန် စသည့်စသည့် တိုင်းရင်းသားလူမျိုးများ၏ ဒေသထွက် သယံဇာတများမှ အကျိုး အမြတ်ကို ထိုဒေသခံ ပြည်သူများအား အလေးအနက်ထား စဉ်းစားပြီး ဆောင်ရွက်မှသာလျှင် အမျိုးသား စည်း လုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးမှာ အဆင်ပြေချောမွေ့နိုင်ပါသည်။ ထက်မြက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024