Home
ဆောင်းပါး
“အိမ်ပြန်ဖို့ ကြောက်တယ်”- စင်ကာပူရောက် မြန်မာလုပ်သားတွေ ဘယ်လို ခေါင်းပုံဖြတ်ခံနေရလဲ
DVB
·
March 15, 2026

“ကျမကို အဲဒီ (အနှိပ်ခန်း) မှာ တရားမဝင် အနှိပ်လုပ်ငန်းတွေ လုပ်ခိုင်းခဲ့ပါတယ်။ အမျိုးသားဖောက်သည်တဦးကို လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ကျမ အလုပ်ထုတ်ခံခဲ့ရပါတယ်။”

စင်ကာပူနိုင်ငံက အလှပြင်ဆိုင်တခုမှာ အလုပ်လုပ်ရမယ်လို့ ယုံကြည်ပြီးတော့ မေရီဟာ အလုပ်အကိုင် အေဂျင်စီတခုကို အခကြေးငွေ စင်ကာပူဒေါ်လာ ၅,၈၀၀ ကျော် ပေးခဲ့ရပါတယ်။

ဒါပေမဲ့ သူစင်ကာပူကို ရောက်ရှိချိန်မှာတော့ အေဂျင်စီက အဲဒီအလှပြင်ဆိုင်က ခေတ္တပိတ်ထားကြောင်း ပြောဆိုကာ အလုပ်ရှင်ရဲ့ အနှိပ်ခန်းမှာသာ အလုပ်လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အဲဒီနေရာမှာ တရားမဝင် အနှိပ်လုပ်ငန်း လုပ်ကိုင်ဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရတဲ့အကြောင်းနဲ့ အမျိုးသားဖောက်သည်တဦးကို လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးဖို့ ငြင်းဆန်ခဲ့တဲ့အတွက် အလုပ်ထုတ်ခံခဲ့ရတယ်လို့ Channel News Asia သတင်းဌာနကို ပြောပါတယ်။

မေရီရဲ အေဂျင်စီဟာ နောက်ထပ်အလုပ်တခုကို ထပ်မံညွှန်ကြားခဲ့ပြီး အဲဒီနေရာမှာလည်း လိင်ပိုင်းဆိုင်ရာ အလုပ်ကို လုပ်ကိုင်ဖို့ ပြောဆိုလာတာကြောင့် ထပ်မံငြင်းဆန်ခဲ့တာကြောင့် အလုပ်ရှင်က အလုပ်ပိုမိုခိုင်းစေခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

သူ့ရဲ့ လစာ ၆၀ ရာခိုင်နှုန်းကျော်အထိ လျှော့ချခံခဲ့ရပြီး နောက်ဆုံးမှာ အခြေခံလစာနဲ့ နေထိုင်စရိတ်အစား ကော်မရှင်စနစ်နဲ့သာ ပေးချေတော့မယ်လို့ အကြောင်းကြားလာခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးမှာတော့ မေရီက ရွှေ့ပြောင်းလုပ်သားများအတွက် လူမှုရေးနှင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (HOME) ဆီ အကူအညီတောင်းခံခဲ့ပြီး အဖွဲ့က မတရားအလုပ်ထုတ်ခံရမှုအတွက် တိုင်ကြားနိုင်ဖို့ ကူညီပေးခဲ့သလို အလုပ်အကိုင်ဆိုင်ရာ ချိုးဖောက်မှုတွေအတွက် စင်ကာပူလူအင်အားဝန်ကြီးဌာန (MOM) ဆီလည်း အမှုဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

HOME အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ စတက်ဖနီချော့က “အမျိုးသမီးတချို့ဟာ သူတို့ကတိမပေးခဲ့တဲ့ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုတွေကို အတင်းအကျပ် ခိုင်းစေခံရတယ်လို့ ခံစားရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က အေဂျင်စီကို အခကြေးငွေ အများကြီး ပေးထားရပြီး ငြင်းဆန်လိုက်ရင် အလုပ်ထုတ်ခံရပြီး အိမ်ပြန်ပို့ခံရမှာကို ကြောက်နေကြလို့ပါပဲ။ နောက်ပြီး မတရားအလုပ်ထုတ်ခံရတဲ့ အခြေအနေတွေကိုလည်း ကျမတို့ တွေ့နေရပါတယ်။ အကြောင်းပြချက် မခိုင်လုံဘဲ ခဏလေးနဲ့ အလုပ်ထုတ်ခံရတာမျိုးပါ။ ဒါကြောင့် ဒီလို အလုပ်သမားတွေကို အမြဲ လဲလှယ်နေတာဟာ အေဂျင်စီတွေက အလုပ်သမားတယောက်ဆီကနေ အလုပ်ခန့်ခ ယူတယ်၊ အလုပ်ထုတ်တယ်၊ ပြီးတော့ နောက်တယောက်ခေါ်ပြီး အလုပ်ခန့်ခ ထပ်ယူတဲ့ လုပ်ရပ်မျိုးပဲ ဖြစ်ဖို့များပါတယ်” လို့ ပြောပါတယ်။

မေရီဟာ အလုပ်အကိုင် လိမ်လည်ခံရမှုတွေအတွက် HOME လိုမျိုး NGO အဖွဲ့အစည်းတွေဆီ အကူအညီတောင်းခံနေတဲ့ မြန်မာနိုင်ငံသားအရေအတွက် အများအပြားထဲက တဦးအပါအဝင် ဖြစ်သလို ဒီလိုကိစ္စရပ်တွေဟာ ၂၀၂၁ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၁ သန်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လူအများစု အားကိုးရာမဲ့ပြီး အခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကြား ဖြစ်ပေါ်လာနေတာလို့ ဆိုပါတယ်။

CNA သတင်းဌာနအနေနဲ့ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား ဒါဇင်ပေါင်း များစွာကို တွေ့ဆုံမေးမြန်းခဲ့သလို သူတို့ရဲ့ လုံခြုံရေးအတွက် အမည်လွှဲတွေနဲ့ သုံးစွဲထားပြီး ထွက်ပေါ်လာတဲ့ အဖြေတွေထဲမှာ စီးပွားရေး ပျက်ပြားမှုနဲ့ စစ်မှုထမ်းရမဲ့ ခြိမ်းခြောက်မှုတွေကြောင့် တိုင်းပြည်ကနေ ထွက်ခွာလာပြီး တရားဝင် အလုပ်အကိုင်ရမယ်ဆိုတဲ့ ကတိစကားတွေကြောင့် လိမ်လည်ခံရကာ စင်ကာပူရောက်မှ ဒုက္ခရောက်ကြရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ လာရောက်သူအများစုက ပဋိပက္ခတွေ၊ စီးပွားရေး ပျက်ပြားမှုတွေနဲ့ ၂၀၂၄ ခုနှစ်နောက်ပိုင်း ပိုမိုတင်းကျပ်လာတဲ့ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာကြသူတွေဖြစ်ကာ စင်ကာပူနိုင်ငံမှာ မြန်မာအလုပ်သမား ၂ သိန်းနီးပါး လောက်ရှိမယ်လို့  ခန့်မှန်းရပါတယ်။

ဒါပေမဲ့ တချို့သူတွေအတွက်က စာရွက်စာတမ်းတွေထဲ ဖော်ပြထားတဲ့ အချက်အလက်တွေနဲ့ လက်တွေ့ဘဝ လုံးဝမတူညီကြပါဘူး။

ဥပမာအားဖြင့် ပြောရရင် အသက် ၂၈ နှစ်အရွယ် ဒိုင်ယာနာရဲ့ အမှုမှာ သူ့ကို ပြသခဲ့တဲ့ အလုပ်အကိုင် ခွင့်ပြုချက်စာမှာ အစားအသောက် ပြုပြင်ထုတ်လုပ်တဲ့ အလုပ်သမားလို့ ဖော်ပြထားခဲ့တာကို တွေ့ရပြီး သူ့အနေနဲ့ အေဂျင်စီကို အခကြေးငွေ ၄,၇၀၀ ကျော် ပေးထားတဲ့ အလုပ်အကိုင်ကတော့ အလှပြင်သမားအလုပ်လို့ ကတိပေးထားပေမဲ့ အနှိပ်ခန်းကို ပို့ဆောင်ခံခဲ့ရတာပါ။

အလားတူပဲ စစ်မှုထမ်းခြင်းကနေ ရှောင်ရှားနိုင်ဖို့ ထွက်ပြေးလာသူတွေဖြစ်ကြတဲ့ ဇော်နဲ့ ကျော်တို့ရဲ့ အမှုမှာတော့ ဂျင်စီတွေက လုပ်ငန်းခွင်ပါမစ်နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိခဲ့သလို နောက်ပိုင်းမှာ သူတို့ရရှိထားတဲ့ ၂ နှစ်စာ စားဖိုမှူး လက်ထောက်အလုပ်ဟာ အတုအယောင်ဖြစ်ကြောင်းနဲ့ လုပ်ငန်းခွင့်ပြုချက်မှာ ၆ လသက်တမ်းသာရှိတဲ့ “ဖျော်ဖြေရေးသမား” လို့ ဖော်ပြထားကြောင်း သိရှိလိုက်ရတယ်လို့ ဆိုပါတယ်။

ဇော်က “ကျနော့်မှာ ပိုက်ဆံလည်း မကျန်တော့ဘူး။ ၁၄ ရက်စာ အထူးခွင့်ပြုချက် (Special Pass) ပဲ ရထားတော့ စိတ်ဖိစီးနေပါတယ်။ အခုဆိုရင် အရာအားလုံးက MOM အနေနဲ့ ဒီကာလအတွင်းမှာ အမှုကို ဖြေရှင်းပေးနိုင်မလားဆိုတဲ့အပေါ်မှာပဲ မူတည်နေပါတယ်။ ကျနော် ငွေရေးကြေးရေးအတွက်တင်မကဘဲ မြန်မာနိုင်ငံမှာ နေမကောင်းဖြစ်နေတဲ့ ကျနော့်အဖေအတွက်ပါ တချိန်လုံး စိုးရိမ်နေရပါတယ်” လို့ ပြောပါတယ်။

ရွှေ့ပြောင်းလုပ်သားများအရေး ကူညီဆောင်ရွက်ပေးတဲ့အဖွဲ့ (TWC2) ရဲ့ အမှုဆောင်ဒါရိုက်တာ အီသန်ဂိုကတော့ "မြန်မာအလုပ်သမားတွေနဲ့ တခြားသူတွေရဲ့ ကွာခြားချက်က မြန်မာအလုပ်သမားတွေမှာ အိမ်ပြန်ဖို့ တတ်နိုင်တဲ့ အခြေအနေမရှိတာပါ။ သူတို့အနေနဲ့ အိမ်ပြန်ပို့ခံရဖို့၊ အလုပ်လက်မဲ့ဖြစ်ဖို့ ဆိုတာကို မတတ်နိုင်ကြပါဘူး။ ဒါကြောင့် ကံမကောင်းစွာနဲ့ပဲ သူတို့ဟာ အလုပ်ကို ဆက်ထိန်းထားနိုင်ဖို့အတွက် သူတို့လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ကြရတော့တာပါပဲ" လို့ ပြောပါတယ်။

HOME နဲ့ TWC2 တို့လို NGO တွေဆီ တိုင်ကြားမှုတွေဟာ ပုံမှန်အားဖြင့် လစာ မရရှိတာ၊ မတရား အလုပ်ထုတ်ခံရတာ၊ လုပ်ငန်းခွင် ထိခိုက်မှု၊ ဒါမှမဟုတ် အေဂျင်စီကြေး ပေးဆောင်ရတာတို့ ဖြစ်ပေမဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မှသာ ခုလို လိမ်လည်မှုတွေ ပေါ်ပေါက်လာခဲ့တာလို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံရဲ့ စည်းမျဉ်းတွေအရ အလုပ်ထုတ်ခံရသူ၊ ဒါမှမဟုတ် အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းကုန်ဆုံးသူတွေကို ပုံမှန်အားဖြင့် နေရပ်ပြန်ပို့လေ့ရှိပေမဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းပြည်ကို ပြန်ပို့ခံရမှာ ကြောက်ရွံ့ခြင်းက အလုပ်ရှင်တွေ၊ အေဂျင်စီတွေကို အခွင့်ကောင်းယူစေပြီး တိုင်ကြားမှုတွေကို တားဆီးထားတဲ့အကြောင်း NGO တွေက ပြောပါတယ်။

MOM ကတော့ အလုပ်ရှင်တွေအနေနဲ့ တရားမဝင် ငွေကြေးကောက်ခံပါက စင်ကာပူဒေါ်လာ ၃၀,၀၀၀ အထိ ဒဏ်ငွေနဲ့ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း၊ လုပ်ခလစာကနေ ခွင့်ပြုချက်မရှိဘဲ ဖြတ်တောက်ပါက ဒေါ်လာ ၂၀,၀၀၀ အထိ ဒဏ်ငွေရိုက်နိုင်ကြောင်း ပြောထားတာပါ။

ဒါပေမဲ့ အလုပ်သမားတွေဘက်ကတော့ အလုပ်ပြုတ်မှာကို ကြောက်ရွံ့နေကြတာကြောင့် အလုပ်ရှင်တွေကို မတိုင်ကြားရဲကြကြောင်းလည်း CNA သတင်းမှာ ဖော်ပြပါတယ်။

“ကျမမှာ ငွေအလုံအလောက် မရှိတော့တဲ့အတွက် အလုပ်ဆက်လုပ်ဖို့ လိုအပ်နေပါတယ်။ အိမ်ကို ပြန်ဖို့လည်း ကြောက်ပါတယ်။ ကျမ အရမ်းစိုးရိမ်နေမိပါတယ်” လို့ မေရီက ပြောပါတယ်။

အစ္စလာမ်ရှာနှင့် လူဝစ္စဆာတန် 

Ref: CNA 

(စင်ကာပူအခြေစိုက် Channel News Asia သတင်းဌာနဝက်ဆိုက်တွင် သတင်းထောက် Aslam Shah နှင့် Louisa Tang တို့ရေးသားထားသည့် ‘I’m scared to go back’: How some Myanmar workers end up exploited in Singapore” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013