Home
ဆောင်းပါး
အမှောင်ရိပ်ကို ခိုလှုံကြသူတွေ
DVB
·
March 14, 2026
Design: DVB

သူ့ကို ဒီနေရာမှာ‌ ဒေါ်ကြွယ်လို့ ခေါ်လိုက်မယ်။ စကားကို ကြွယ်ပိုးကြွယ်ဝ ပြောတတ်လို့ ဒီနာမည် ပေးလိုက်တာ မဟုတ်သလို ဒီနာမည်ပေးရတာက တခြား ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့မှ မရှိပါဘူး။ အလျဉ်းသင့်တဲ့ နာမည်တခုကို လွယ်လွယ်ကူကူ ပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

‌ဒေါ်ကြွယ်ဆိုတဲ့ နာမည်က အပြင်မှာ ထုနဲ့ဒေး ရှိနိုင်ပါတယ်။ အခုပြောမဲ့ အမည်လွှဲ ဒေါ်ကြွယ်တယောက်လိုတော့ လူတိုင်းဘယ်ဟုတ်ပါ့မလဲ ဆိုတာတော့ စကားပလ္လင်ခံထားပါရစေ။

ဒေါ်ကြွယ်က ဝဝဖိုင့်ဖိုင့်၊ အသားခပ်ညိုညို၊ စကားပြောရင် အသံထွက်တယ်ဆိုရုံကလေး ပြောတတ်တယ်။ တခုခုကို ရှင်းပြတဲ့အခါ ဒေါ်ကြွယ်က စိတ်ရှည်လက်ရှည် အချိန်ယူပြီး ရှင်းပြ၊ ပြောပြတတ်ပါတယ်။

အသက်အရွယ်အရဆို ဒေါ်ကြွယ်က ၄၀ ကျော်အရွယ်ကို လွန်လာပြီး ၅၀ တန်း ပတ်ချာလည်လောက် ရှိရောပေါ့။ သူနဲ့ စကား‌တွေ ပြောဖြစ်ကြတော့ အသက်ဘယ်လောက်ရှိသလဲ ဆိုတာ မမေးမိလိုက်ပါဘူး။

အသက်အရွယ် ဘယ်လောက်ရှိလဲ ဆိုတာကို မမေးမိတာက အကြောင်းရှိပါတယ်။ သူအနေကျပ်စေနိုင်တဲ့ စကားလုံးမျိုးကို ရှောင်သုံးရလို့ ဖြစ်ပါတယ်။ တကယ်တော့ ဒေါ်ကြွယ်ကတော့ အနေကျပ်တာ၊ ရှိန်နေတာ မရှိပါဘူး။ တခုခုမေးလိုက်ရင် မဆိုင်းမတွ ပွင့်ပွင့်လင်းလင်းကို ပြောပြတယ်။

တခုရှိတာ သူက စကားကို တအေးတဆေး ပြောတတ်တာ။ အသံနည်းနည်း တိုးနေတာကိုတော့ အားစိုက်ပြီး နားထောင်ပေးရပါတယ်။ အဲဒီလို အားစိုက်နားထောင်ရင်းနဲ့ မကြားလိုက်တာ၊ နားမလည်လိုက်တာဆို နောက်တခေါက် ပြန်မေးရပါတယ်။

ဒီလိုပြန်မေးတဲ့အခါဆို မေးခွန်းရှင်က နည်းနည်းအားနာရတာ၊ တွန့်ဆုတ်ရတာမျိုးနဲ့ ကြုံရတတ်ပါတယ်။ ဒေါ်ကြွယ်ကတော့ ပြန်မေးတဲ့မေးခွန်းကိုလည်း တအေးတဆေးကို ပြန်ပြောပြပေးတတ်ပါတယ်။

တရက်မှာတော့ တက္ကစီကားနဲ့ ကျနော်တို့ ၃ ယောက်သား ရုံးခန်းတခုကို သွားနေကြပါတယ်။ လမ်းမှာတော့ မိုးနည်းနည်းရွာနေတာနဲ့ ကြုံရတယ်။ ကိစ္စတော့မရှိပါဘူး။ ကားပေါ်မှာဆိုတော့ သက်တောင့်သက်သာ‌တော့ ရှိပါတယ်။

အငှားကားက လမ်းဘေးနှစ်ဖက်စလုံးမှာ ဗန်ဒါပင်တွေစိုက်ထားတဲ့ လမ်းချိုးလေးတခုကို ချိုးဝင်လိုက်တယ်။ ဗန်ဒါပင်တွေက စိုက်ထားတာ နှစ်တွေအတော်ကြာပြီ ထင်ပါတယ်။ အိမ်ခေါင်မိုးကိုတောင် ကျော်နေပြီ။ အဲဒီလမ်းထဲရောက်တော့ မိုးတိတ်သွားပေမဲ့ ဗန်ဒါရွက်တွေပေါ်က တစက် နှစ်စက် ကျလာတဲ့ မိုးရည်စက်ကလေးတွေတော့ ရှိနေပါသေးတယ်။

မြို့ပြင်တနေရာမှာ ၄ လွှာရှိတဲ့ လူနေတိုက်ခန်း အဆောက်အဦလေးတခုက မားမားထီးထီးကြီး ထိုးထွက်နေတယ်။ သူ့ဘေးမှာတော့ တထပ်တိုက် လူနေအိမ်တွေနဲ့ ပျဉ်ထောင်အိမ်ကလေးတွေပဲ ရှိပါတယ်။

ကျနော်တို့နဲ့ ဒေါ်ကြွယ် အဲဒီ ၄ ထပ်တိုက်ရဲ့ ၃ လွှာမှာ စပြီးဆုံခဲ့ကြတယ်။ ဒေါ်ကြွယ်က Sex workers ကူညီစောင့်ရှောက်ရေးအတွက် ဆောင်ရွက်ပေးနေသူတယောက် ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ပညာပေးတာ၊ ရပိုင်ခွင့်နဲ့ လူ့အခွင့်အရေးအရ ရသင့်ရထိုက်တဲ့ အရာတွေကို ပညာပေးနေသူတယောက်ပါ။

ကျနော်တို့က ဒေါ်ကြွယ်တယောက် သူ့ရဲ့လုပ်ငန်းဆောင်တာတချို့ ပြောပြတာကို နားထောင်နေလိုက်ပါတယ်။ ရင်လေးစရာ၊ စိတ်မချမ်းမြေ့စရာ ဖြစ်ရပ်တွေလည်း ကြုံခဲ့ရပုံတွေကို အသေးစိတ် ရှင်းပြပါတယ်။

“ဆရာတို့ မနက်ဖြန် ဒီနေရာပဲ လာခဲ့လိုက်ပါ။ ဒီလောကကသူတွေထဲက တချို့ကို ခေါ်ပေးထားပါမယ်။ သူတို့ထဲက အင်တာဗျူး ဖြေပေးနိုင်မဲ့သူကို ဆရာတို့ ရွေးချယ်လို့ ရနိုင်ပါတယ်”

ကျနော်တို့မေးမယ့်သူတယောက်ဟာ ဘယ်လိုမျိုးတော့ ပြောပြပေးစေချင်တယ် ဆိုတာကို ဒေါ်ကြွယ်ကို ပြောပြတော့ သူစီစဉ်ပေးမယ့်အကြောင်းတွေကို ပြောပါတယ်။

ချိန်းထားတဲ့နေရာကိုပဲ ဒုတိယမ္ပိ ကျနော်တို့ ပြန်ရောက်လာကြတယ်။ ‌တယောက်ချင်းစီရဲ့ အတွေ့အကြုံတွေက တကယ့်ကို ရင်လေးစရာ ဇာတ်လမ်းကိုယ်စီနဲ့ပါ။ သူတို့အကြောင်းတွေ တယောက်ပြီးတယောက် ပြောပြပြီးကြတော့ ဒေါ်ကြွယ်က ကျနော်တို့အတွက် ရေသောက်ဖို့ လာပေးပါတယ်။

ဒီမှာတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ဒေါ်ကြွယ်က မြို့ပြကြီးရဲ့ လမ်းမတွေပေါ်က အခြေအနေတွေကိုပါ ရှင်းပြပါတယ်။ မမြင်ကွယ်ရာအရပ်မှာ လူအခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကို သူတို့ပြောပြတဲ့ စကားလုံးတွေထဲကတဆင့် ကြားသိခဲ့ရပါတယ်။

သူတို့ရဲ့လုပ်ငန်းခွင်မှာရော၊ လုပ်ငန်းခွင်ပြင်ပမှာပါ တနေ့တမျိုး မရိုးရလေအောင် နှုတ်ကနေ ပြောပြလို့မရတဲ့ ခါးသီးခြင်းတချို့ကို ရင်ဆိုင်ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

ကျနော်တို့နဲ့ ဒေါ်ကြွယ်နဲ့ အဲဒီအဆောက်အဦမှာ ဆုံကြ‌တော့ သူက Sex workers တွေအတွက် ကူညီဆောင်ရွက်ပေးနေတာ ၄ နှစ်ရှိပါပြီ။ အဲလို ကူညီပေးဖို့ဆိုတာ ဘဝတူချင်းတွေကသာ လက်ခံကြတာမို့ ဒေါ်ကြွယ်ဟာလည်း သူတို့တွေနဲ့အတူ ဘဝတူတွေဖြစ်တဲ့အကြောင်း ပြောပြပါတယ်။

သူ့အကြောင်းတွေ ပြောပြနေတဲ့ တလျှောက်မှာတော့ ဒေါ်ကြွယ်က အရင်က ဒီလုပ်ငန်းခွင်ထဲ ကျင်လည်ခဲ့ဖူးသူတယောက်၊ အခုတော့ ဒီလုပ်ငန်းခွင်ထဲကလူတွေကို အကူအညီပေးသူ သက်သက်လို့ပဲ ထင်ထားမိခဲ့တာ ဖြစ်ပါတယ်။

“ကျမတို့ကို ကုပ်သွေးစုပ် အမြတ်ထုတ်နေကြတာ ရဲတွေပဲ။ တရားမဝင်အလုပ်ဆိုပြီး သူတို့ကို လိုင်းကြေးသဘော ပေးရတာ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ သူတို့ ပျော်ပါးချင်ရင်လည်း နေပေးရသေးတာ။”

ဒေါ်ကြွယ်တယောက် စိတ်လိုလက်ရ ပြောပြနေတာပါ။ သူပြောပြတဲ့ အရာတွေကတော့ သူတကယ် ကြုံခဲ့ရတာတွေပဲ ဆွဲဆွဲထုတ်ပြီး ပြောပြနေတာကိုတော့ သိနိုင်ပါတယ်။ တချို့တဝက်သော အရာတွေလောက်ကိုပဲ ဆွဲထုတ်ပြီး ပြောပြတာပါ။

ဒီတခါ ဒေါ်ကြွယ်က ကျနော်တို့ကို တရားရုံးတခုကို ခေါ်သွားတယ်။ ဒီလောကကလူတွေ အပြင်မှာ ဘာတွေကြုံနေရလဲ ဆိုတာကို  တစေ့တစောင်း ပြပေးစေချင်တဲ့သဘောပါ။

ဒေါ်ကြွယ်က တရားရုံးတခုထဲကို ကျနော်တို့ကို ဦးဆောင်ပြီး‌ ခေါ်သွားတယ်။ တရားရုံးအဝမှာတော့ ဘယ်သူကမှ စစ်ဆေးမေးမြန်းတာမရှိဘူး။ ဒီနေရာကို ဝင်နေထွက်နေကျသူ အဖို့တော့ ဘယ်နေရာမှာ ဘာရှိလဲဆိုတာကို တန်းသိနေတာမျိုးပေါ့။ တရားရုံးထဲရောက်တော့ တနေရာကို ဆက်ပြီး လျှောက်သွားတယ်။ အဲဒီနေရာမှာ အစောင့်ရဲတယောက်နဲ့ တွေ့တော့တာပဲ။

“ဘယ်သွားမလို့လဲ၊ ဘယ်သူနဲ့တွေ့ချင်လို့လဲ” အစောင့်တာဝန်ကျနေတဲ့ အမျိုးသမီး ရဲဝန်ထမ်းက ရှေ့ကဦးဆောင်ပြီး သွားနေတဲ့ ဒေါ်ကြွယ်ကို ဆီးပြီးမေးတော့တာ။

‌ဒေါ်ကြွယ် တခုခုရှင်းပြလိုက်တယ်။ အားလုံးက အဲဒီဂိတ်တံခါးကို ကျော်ဖြတ်ခွင့် ရလိုက်တယ်။

“အဲဒီအချုပ်ခန်းပဲ ဆရာတို့ရေ” ဒေါ်ကြွယ်က အချုပ်ခန်းကို ညွှန်ပြလိုက်ပါတယ်။ အချုပ်ခန်းက တရားရုံးရဲ့ အနောက်ဘက် သီးသန့်တနေရာမှာ ရှိနေတာပါ။ အချုပ်ခန်းလို့သာ ပြောတာပါ။ ဝက်ခြံလိုလုပ်ထားတဲ့ နေရာမှာ လူတွေကို ကြပ်ညပ်အောင် ထည့်ထားတာပါ။ အဲဒီထဲမှာ ဒေါ်ကြွယ်ကူညီရမယ့်သူ ရှိနေပါတယ်။

“ညက မှောင်ရိပ်ခိုလို့ဆိုပြီး ရဲကဖမ်းလိုက်တာ၊ ဖမ်းတဲ့ရဲက သူတို့တွေ လိုင်းကြေး အမြဲပေးနေတာပါ၊ သူတို့လက်ခုပ်ထဲကရေပဲ၊ အမှုလိုလို့ ဖမ်းတယ်ဆိုရင် အခုလိုပဲ ရှေ့ကနေ ပါသွားကြတော့တာ” ဒေါ်ကြွယ်က ကျနော်တို့ကို အချုပ်ခန်းရှေ့တနေရာမှာ ရှင်းပြနေတာပါ။

အဲဒီလို ရှင်းပြနေချိန်မှာပဲ အနောက်ကနေ အသံစူးစူးနဲ့ လှမ်းအော်သံကို ကြားလိုက်ရတယ်။

“ပြန်လာ ပြန်လာ၊ အဲဒီကို ဘာသွားလုပ်တာလဲ၊ သွားလို့မရဘူး” ဂိတ်စောင့်ရဲဝန်ထမ်းအမျိုးသမီးက လှမ်းခေါ်လိုက်ပါတယ်။

“ဘယ်သူနဲ့တွေ့ချင်တာလဲ၊ တွေ့ချင်ရင် ဒီနေရာမှာထိုင်ပါ၊ ကျ‌မခေါ်ပေးပါမယ်”

တွေ့ချင်တဲ့သူတယောက်ရဲ့ နာမည်ကို ဒေါ်ကြွယ်ကပဲ ပြောလိုက်ပါတယ်။ လက်ထိပ်တန်းလန်းနဲ့ ထွက်လာတဲ့သူကို မြင်လိုက်တယ်။ မေးသူနဲ့ ဖြေသူကြားမှာ စကားကို ဟက်ဟက်ပက်ပက် မပြောရဲကြဘူးပဲ ပြောရမှာပါ။ ဂိတ်စောင့်ရဲမေနဲ့ နောက်ထပ် ရဲဝန်ထမ်းအမျိုးသားတယောက်က အနားမှာ စောင့်နေလို့ပဲ ဖြစ်ပါတယ်။

တရားရုံးအပြင်ဘက်က ဆိုင်တဆိုင်မှာထိုင်ပြီး ဒေါ်ကြွယ်နဲ့ ကျနော်တို့ စကားတွေ ဆက်ပြောဖြစ်ကြပါတယ်။

ဒေါ်ကြွယ်တို့အဖွဲ့က အခုလို အချုပ်ခန်းထဲ ရောက်လာကြသူတွေကို အစားအသောက်အတွက် ကူညီပေးတာအပြင် ရှေ့နေငှားပေးရတာတွေပါ လုပ်ပေးရတော့မှာ ဖြစ်ပါတယ်။

အခုလို အကူအညီပေးတာတွေက သူ့အတွက်တော့ အထိုက်အလျောက် အတွေ့အကြုံ ရှိထားပြီးလည်း ဖြစ်ပါတယ်။

“ကျမယောကျ်ားလည်း ရဲပဲ” အားလုံးက ဒေါ်ကြွယ်ဆီ အကြည့်ရောက်သွားတယ်။ အဲဒီမှာပဲ သူ့ဘဝအကြောင်း တချို့ကို စိတ်လိုလက်ရ ဖွင့်ချလာပါတယ်။

“ကျမလည်း အရင်က အခုလို အချုပ်ခန်းထဲ ခဏခဏရောက်ရတယ်။ အခုလိုမျိုးပေါ့၊ မှောင်ရိပ်ခိုတဲ့အမှုနဲ့ပဲ အချုပ်ခန်းကို ရောက်ရတာ များပါတယ်။ တရားရုံးမှာလည်း အမှုတွေ မကြာခဏဆိုသလို ရင်ဆိုင်ဖြေရှင်းရတာ”

ဒေါ်ကြွယ်က တချိန်က သူကြုံတွေ့ရတဲ့ အတွေ့အကြုံတွေရဲ့ တစိတ်တပိုင်းကိုပဲ ‌ပြောပြနေတာ ဖြစ်ပါတယ်။ သူ့အကြောင်းတွေက တထိုင်တည်းပြောလို့ ကုန်မယ်မထင်ပါဘူး။ ရင်လေးစရာ ဖြစ်ရပ်တွေကို အကြိမ်ပေါင်းဘယ်လောက် ရင်ဆိုင်လာခဲ့ရသလဲဆိုတာ သူလှစ်ဟပြောပြတဲ့ အချက်တချို့ကို တွက်ဆကြည့်ရင် ရနိုင်ပါတယ်။

“အခုလို အဖမ်းခံရပြီး အမှုရင်ဆိုင်ရတဲ့အခါ ကျမကို အမြဲတမ်း လိုက်ပို့ပေးတဲ့ ရဲတယောက်ရှိတယ်။ သူက အချုပ်ခန်းကနေ တရားရုံးကို သွားရတဲ့လမ်းတလျှောက် ပို့ပေးရတာပေါ့။ အဲလို ရဲဖမ်းလို့ အချုပ်ခန်းထဲ ရောက်လာလိုက်၊ တရားရုံးမှာ အမှုရင်ဆိုင်ရလိုက်နဲ့ အခေါက်ပေါင်း မနည်းပါဘူး။ ကြာတော့ သူက ကျမကို သနားလို့ ယူလိုက်တာ”

အကောင်းအဆိုး၊ အဖြူအမဲ ဒွန်တွဲနေသလိုပါပဲ။ ‌ဒေါ်ကြွယ်တို့လို လောကသားတွေအတွက် ကြောက်ရတာ၊ ကြောက်ရတဲ့အပြင် ရွံရှာရတဲ့သူတွေထဲမှာ ရဲတွေဆိုတဲ့ နိုင်ငံ့ဝန်ထမ်းတွေ ပါပါတယ်။

ဒေါ်ကြွယ်တယောက် အချုပ်ခန်းထဲက အမျိုးသမီးတယောက်လို တချိန်တုန်းက မကြာခဏဆိုသလို ရင်ဆိုင်ကြုံတွေ့ရတာ ဖြစ်ပါတယ်။ သူ့ကို ရဲတွေက မှောင်ရိပ်ခိုမှုနဲ့ စွပ်စွဲဖမ်းဆီးတာ ဖြစ်ပါတယ်။ တခါတလေ အချုပ်ခန်းကနေပဲ ပြန်လွတ်လာတာရှိသလို တခါတလေတော့ တရားရုံးအထိ အမှုတင်လိုက်လို့ တရားရုံးအထိ သွားရောက်ဖြေရှင်းပြီးမှပဲ ပြန်လွတ်လာတာမျိုးလည်း ရှိပါတယ်။

မှောင်ရိပ်ခိုရတယ်ဆိုတာ သူတို့အတွက်တော့ ရာဇဝတ်မှုတခုခု ကျူးလွန်ဖို့အတွက် မဟုတ်ဘူး ဆိုတာကိုတော့ သူကိုယ်တိုင် ယုံကြည်ထားတဲ့အရာ ဖြစ်ပါတယ်။

“ကျမက အင်ဆားဗစ်ပါ” ထင်မှတ်မထားတဲ့ စကားတခွန်းကို ဒေါ်ကြွယ်တယောက် ရုတ်တရက် ထပြောလိုက်ချိန်မှာ ကျနော်တို့လည်း သူ့ဆီ အကြည့်ရောက်သွားတယ်။

ရက်ပိုင်းအတွင်းမှာ ဒေါ်ကြွယ်နဲ့ သွားခဲ့တဲ့နေရာတွေ၊ သူပြောပြတဲ့ အကြောင်းအရာတွေ နောက်ကိုပဲ စီးမျောရင်း နားထောင်နေမိတာ၊ လိုက်ကြည့်နေမိတာတွေ ရှိခဲ့ပါတယ်။ ကျနော်တို့မေ့နေတာ တခြားသူတွေအကြောင်းကိုပဲ မေးဖို့အာရုံစိုက်နေတာ ဖြစ်နေလို့ပါပဲ။

ဒေါ်ကြွယ်ကိုယ်တိုင်က တခြားသူတွေအတွက် အကူအညီပေးနေတာဆိုတော့ သူလမ်းညွှန်တဲ့နေရာ သူညွှန်လိုက်တဲ့သူတွေကို ပြောဆိုမေးမြန်းတာတွေ ရှိခဲ့ပေမဲ့ ဒေါ်ကြွယ်ရဲ့ အကြောင်းကို ကျနော်တို့ မေးဖို့မေ့နေတာတော့ အမှန်ပါပဲ။

အခုလိုကြီး‌ ဒေါ်ကြွယ်က သူ့အကြောင်းကို အမှတ်မထင် ပြောလိုက်ရချိန်မှာတော့ သူသည် အလုပ်တခုကို လက်ရှိအချိန်ထိ လုပ်ကိုင်နေဆဲဖြစ်တယ် ဆိုတာကို သိလိုက်ရတာ ဖြစ်ပါတယ်။

အဲလိုအချိန်မျိုးမှာလည်း ဒေါ်ကြွယ်က ကျနော်တို့ကို ရှိန်နေတာမျိုး မရှိပါဘူး။ သူနဲ့ တရင်းတနှီး ရှိလာချိန်မှာတော့ အခုလိုပြောပြတာက သူ့အတွက်တော့ ဝန်ထုပ်ဝန်ပိုး မဖြစ်စေတဲ့ အပြုအမူမျိုးကိုပဲ တွေ့ရပါတယ်။

ကျနော်တို့ ဒေါ်ကြွယ်ဆီက အကြောင်းအရာတွေ၊ အချက်အလက်တွေ အတော်များများ ရသွားပါတယ်။ ကျနော်တို့ ပြန်ပြီး တင်ဆက်ကြမယ့် Sex workers နဲ့ ရွေးကောက်ပွဲအကြောင်းကို ပြန်လည်ထုတ်လွှင့်ကြမှာလည်း ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို တင်ဆက်ဖို့ဆိုတာ အတော်လေး သတိထားရပါတယ်။ လူတယောက်ရဲ့ အခွင့်အရေးကို လေးလေးနက်နက် ထည့်တွက်ရမှာ ဖြစ်နေလို့ပါပဲ။ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ အစီအစဉ်ကို ထုတ်လွှင့်သွားပါတယ်။ သူတို့ဖြစ်စေချင်ကြတဲ့ အကြောင်းအရာနဲ့ ခံစားချက်တချို့ကို ထုတ်နုတ်တင်ဆက်သွားတာပဲ ဖြစ်ပါတယ်။

မမြင်ကွယ်ရာအရပ်က လူသားဆန်ခြင်းအရာကို ငံ့လင့်‌နေကြတဲ့ အမှောင်ရိပ်ခိုလှုံကြတဲ့ သူတချို့အကြောင်းကို ပုံရိပ်တချို့နဲ့ ခံစားချက်အသံတချို့ ထုတ်နုတ်တင်ဆက်လိုက်ရပေမဲ့ တခုလုံးအခြေအနေတွေကိုတော့ ခြုံမိနိုင်မယ်‌ မထင်ပါဘူး။

ဒီအရာတွေအားလုံးကို ရေစုန်မျှောပစ်ခြင်း ခံလိုက်ရပါတယ်။ အသံတချို့ ထုတ်ဖော်ခွင့်ရချိန်က ထုတ်ပြောဖြစ်လိုက်ကြတာကိုပဲ ကျေနပ်ရတော့မလိုပါပဲ။ ဒီအသံတွေကို ဘယ်သူတွေကများ ဖော်ထုတ်ပေးနိုင်ကြမှာလဲဆိုတာ မတွေးတတ်အောင်ပါပဲ။

အသံတွေဆိုတာ တဆင့်ကနေတဆင့် ဆင့်ပွားသွားလာနေမှပဲ တယောက်ယောက်နား‌ကို ပေါက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်က ဒေါ်ကြွယ်တို့လို လူတွေအတွက် နောက်ထပ်တဆင့် အသံထုတ်ပေးမယ့် လွှတ်တော်ဆိုတာကြီးက ရှိနေလို့ပဲ ဖြစ်ပါတယ်။

အခုတော့ မတရားမှုတွေက ကြီးစိုးသထက် ကြီးစိုးလာဖို့ တရားလက်လွတ်အရာတွေက နေ့စဉ်နဲ့အမျှပါပဲ။ တဦးတယောက်ရဲ့ ရပိုင်ခွင့်အသံကို ထုတ်ဖော်ပြောဖို့ အသာထားဦး၊ အဖွဲ့အစည်းတခုက အင်တိုက်အားတိုက် အခွင့်အရေးရရှိဖို့ အသံကို ထုတ်ဖော်လာခဲ့ရင်တောင် အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရချိန် ဖြစ်ပါတယ်။

ဒေါ်ကြွယ်တယောက် အခုချိန်လောက်ဆို အငြိမ်းစားသွားလောက်ပြီ ထင်ပါတယ်။ တချိန်တခါက သူအကူအညီပေးခဲ့တဲ့ အကြောင်းအရာလေး တခုကတော့ ရုပ်သံတီ‌ဗီ ဖန်သားပြင်ကနေ ထုတ်လွှင့်ခဲ့ဖူးတယ် ဆိုတာတော့ သူကောင်းကောင်းမှတ်မိနေမှာပါ။

မြို့ပြကြီးက သူ့အလှတရားနဲ့သူ ဆက်ပြီး ရှိနေမယ်လို့ ထင်ပါတယ်။ တယောက်ယောက်က အကြီးတန် အရုပ်ဆိုးစေတဲ့ အရာမျိုးနဲ့ လာပြီး တံဆိပ်မကပ်မချင်း မြို့ပြကြီးက သူ့အလှနဲ့သူ သူ့အလုပ်သူ ဆက်လုပ်နေကြမယ် ထင်ပါတယ်။   ။

တာပလု

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013