
အမျိုးသမီး ပရိသတ်တယောက်အပေါ် ပွဲကြည့်စဉ်မှာ ကိုယ်ထိလက် ရောက်ကျူးလွန်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ကစားသမား မောင်မောင်လွင်ကို ၆ လ ပွဲပယ်နဲ့ ဒဏ်ကြေး ငွေ ကျပ် သိန်း ၃၀ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ မြန်မာနေရှင်နယ်လိဂ်က ဒီနေ့ မတ် ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
မတ် ၁၀ ရက်က သန်လျင်သီဟဒီပကွင်းမှာ ရတနာပုံအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်း ကစားသမား မောင်မောင်လွင်ဟာ အမျိုးသမီးပရိသတ်တယောက်ကို ပွဲကြည့် စင်ပေါ်တက်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြစ်ဒဏ် ချမှတ်လိုက်တာပါ။
ပထမပိုင်းအပြီး ပွဲရပ်နားချိန်အတွင်း မောင်မောင်လွင်က ပွဲကြည့်စင်ပေါ်ပြေးတက်ပြီး ပရိသတ် အမျိုးသမီးကို ကိုယ်ထိလက်ရောက် တွန်းထိုးခဲ့ကြောင်း ရုပ်သံနဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ စစ်ဆေး တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီကိစ္စကို မတ် ၁၂ ရက်မှာ မြန်မာဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးနဲ့ ကျင့်ဝတ် ကော်မတီက အစည်းအဝေးလုပ်ပြီး မောင်မောင်လွင်ကို ၆ လအထိ ကစားခွင့်ပိတ်လိုက်သလို ဒဏ်ကြေး ငွေကျပ်သိန်း ၃၀ ပေးဖို့လည်း ချမှတ်လိုက်တာလို့ ဆိုပါတယ်။
တာဝန်ကျ ကွင်းလယ်ဒိုင်လူကြီး ဦးကျော်ဇေယျာအောင်ကိုလည်း မောင်မောင်လွင် ဖြစ်ရပ်အတွက် ဥပဒေအရ အနီကတ်ပြသခြင်း မရှိဘဲ ဘောလုံးဥပဒေစည်းမျဉ်းကို မျက်ကွယ်ပြုခဲ့လို့ အနီးစပ်ဆုံး ၃ ပွဲ ပါဝင်ကိုင်တွယ်ခြင်း မပြုတော့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ပြိုင်ပွဲကြီးကြပ်သူနဲ့ ဒိုင်ကြီးကြပ်သူတွေကလည်း ကွင်းလယ်ဒိုင်ကို သတိပေးတာမရှိလို့ အနီးစပ်ဆုံး ၃ ပွဲတာဝန်မပေးပဲ ရပ်လိုက်တယ်လို့ သိရပါတယ်။
အဆိုပါပြိုင်ပွဲကို ပွဲကြည့်စင်ပေါ်ကနေ လာရောက်ကြည့်ရှုအားပေးတဲ့ အမျိုးသမီးဟာ ရန်ကုန် ယူနိုက်တက်အသင်းမှ ကစားသမားကို နာမည်တပ်ကာ ဝေဖန်ပုတ်ခတ် အော်ဟစ်ဆဲဆိုနေခဲ့သူ ဖြစ်ကြောင်းနဲ့ ဒီအမျိုးသမီးကိုလည်း ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။
အဆိုပါအမျိုးသမီးဟာ အရင်က ဘောလုံးပွဲတွေမှာလည်း အလားတူ ကစားသမားတွေ၊ နည်းပြ၊ ပရိသတ်နဲ့ တာဝန်ကျဝန်ထမ်းတွေကို ကြမ်းတမ်းစွာ အော်ဟစ်ပြောဆိုခဲ့လို့ နိုင်ငံတကာ ဘောလုံး ပြိုင်ပွဲတွေနဲ့ ဖူဆယ်ပြိုင်ပွဲတွေမှာ ပွဲကြည့်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရဖူးတယ်လို့ သိရပါတယ်။
အဆိုပါနေ့က ဘောလုံးပွဲကို သွားရောက်အားပေးခဲ့တဲ့ မျက်မြင်တွေ့ခဲ့သူတယောက်က "ပွဲစဉ် ပထမပိုင်းအပြီးမှာ ပရိသတ်အမျိုးသမီးတယောက်က ဘာလဲမသိဘူး လှမ်းအော်ပြောလိုက်တာ။ အဲဒါကို မောင်မောင်လွင်က စင်ပေါ်ထိတက်ပြီး ကိုယ်ထိလက်ရောက်လုပ်တာ။ အဲဒါကိုမြင်တဲ့ ဒိုင်တွေကလည်း ဝင်မဆွဲဘူး။ ကစားသမားတွေကလည်း ဝင်မဆွဲဘူး။ ပရိသတ်ကို မလုပ်သင့်ဘူး" လို့ ပြောပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ မောင်မောင်လွင်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ က သုဝဏ္ဏကွင်းမှာ အာဆီယံမစ်ဆူဘီရှီဖလားအုပ်စုပွဲစဉ်အဖြစ် အင်ဒိုနီးရှားနဲ့ကစားတဲ့ပွဲမှာ မြန်မာ အသင်းရှုံးနိမ့်ပြီးနောက် ပရိသတ်တွေကို ပြန်လည်ဆဲဆိုတာနဲ့ လက်ခလယ်ထောင်ပြတာတွေ ပြုလုပ်ခဲ့လို့ ပရိသတ်တွေကသူ့ကို အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။
အခုတခါ အမျိုးသမီးပရိတ်သတ်တယောက်ကို မောင်မောင်လွင်ရဲ့ကိုယ်ထိလက်ရောက် ကျူးလွန် ခဲ့မှုနဲ့ပတ်သက်လို့ ဘောလုံးပရိတ်သတ်တွေကြား ပြင်းထန်တဲ့ဝေဖန်မှုတွေ ရှိနေသလို အဆိုပါ အမျိုးသမီးအပေါ်မှာလည်း ဝေဖန်သူတွေလည်း ရှိနေပါတယ်။


