Home
အနုပညာ
“နှင်းဆီ” အဖွဲ့၏ ပြဇာတ်ဖျော်ဖြေပွဲနှင့်ပတ်သက်ပြီး ဝေဖန်မှုများ မြင့်တက်နေ
DVB
·
March 8, 2026
Photo: “နှင်းဆီ” အဖွဲ့

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး တည်ထောင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် လူသိများတဲ့ “နှင်းဆီ” အဖွဲ့က ဟာသပြဇာတ်ဖျော်ဖြေပွဲ ပြုလုပ်ဖို့ စီစဉ်နေတဲ့အပေါ် အနုပညာလောကနဲ့ ပြည်သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

မတ်လ ၈ ရက်ဒီနေ့ည အမျိုးသားကဇာတ်ရုံမှာ ကျင်းပမဲ့ ဒီဖျော်ဖြေပွဲကတော့ အရင်လိုမျိုး “နှင်းဆီအငြိမ့်” ပုံစံမျိုးမဟုတ်ဘဲ ပြဇာတ်အနေနဲ့ ကပြမှာဖြစ်ပြီး ဒါက နှင်းဆီအဖွဲ့ ပြန်လည်စတင်နိုင်ဖို့ ပထမဆုံးခြေလှမ်းအဖြစ် စမ်းသပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

“နှင်းဆီပွင့်မယ့်နေ့”လို့ အမည်ပေးထားတဲ့ ဒီပြဇာတ်ဖျော်ဖြေပွဲကို တော်လှန်အနုပညာရှင် မင်းမော်ကွန်းကလွဲပြီး တခြားအဖွဲ့ဝင်တွေဖြစ်တဲ့ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေး၊ ဖူးစုံ၊ မေကဗျာ၊ မိုးယုစံ၊ မိုးပြည့်ပြည့်မောင်နဲ့ အနုပညာရှင်များစွာ တို့ ပါဝင်ကြမှာလည်း ဖြစ်ပါတယ်။

အထူးသဖြင့် သရုပ်ဆောင် နေတိုးက ဒီအစီအစဉ်ကို အဓိကဦးဆောင်စီစဉ်နေသူဖြစ်ပြီး၊ သူက စစ်ခေါင်းဆောင်ရဲ့ သမီး ခင်သီရိသက်မွန်ပိုင် ထုတ်လုပ်ရေးတွေနဲ့ စာချုပ်ချုပ်ဆိုထားသူဖြစ်လို့ ဝေဖန်မှုတွေက ပိုမိုပြင်းထန်နေပါတယ်။

အနုပညာလောကသားတယောက် “ဒါဟာ မင်းမော်ကွန်းကို ချန်ထားပြီး နှင်းဆီကို ဆက်လုပ်မယ်ဆိုတဲ့ သဘောပဲ။ တော်လှန်ရေးအပေါ်မှာရော၊ ပါဝင်နိုင်ခြင်းမရှိတဲ့ အဖွဲ့ဝင်အပေါ်မှာပါ စာနာမှုမရှိဘူးလို့ အပြောခံနေရတယ်” လို့ ဆိုပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ကတော့ သူတို့အပေါ် ဝေဖန်နေသူတွေကို “အဆင့်မရှိသူများ” လို့ တုံ့ပြန်ပြောဆိုထားပြီး နှင်းဆီအဖွဲ့အကြောင်းကို လတ်တလော မပြောချင်သေးဘူးလို့ အင်တာဗျူးတခုမှာ ဖြေဆိုထားပါတယ်။

တဖက်မှာလည်း စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနအောက်မှာ ရုပ်ရှင်လောကသားတွေအပေါ် ဖိအားပေးမှုနဲ့ ရုပ်ရှင်ကားတွေ ပိတ်ပင်ခံရမှုတွေက ဆက်တိုက်ရှိနေတာလည်း ဖြစ်ပါတယ်။

မကြာသေးခင်က ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးထားတဲ့ “ရုပ်သေးရုပ်” ဆိုတဲ့ သရဲကားကို ရုံတင်ဖို့ စီစဉ်ခဲ့ပြီးမှ ရုံတင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

အကြောင်းအရင်းကတော့ စစ်တပ်နဲ့ ပြဿနာဖြစ်ပွားနေတဲ့ ပဲကုန်သည် မဟာနဒီထရေးဒင်းကုမ္ပဏီက ဒါရိုက်တာ ကိုရဲမင်းလွင်က ရုပ်ရှင်အတွက် ငွေကြေးပံ့ပိုးမှု ပါဝင်နေတယ်ဆိုတဲ့ ယူဆချက်ကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဒါရိုက်တာ မိုက်တီး ရိုက်ကူးထားပြီး မင်းသား မြင့်မြတ် ပါဝင်ထားတဲ့ ရုပ်ရှင်လည်း ရုံတင်ခွင့် ပိတ်ပင်ခံထားခဲ့ရပြီး ပြည်ပထွက်ခွာသွားတဲ့ တော်လှန်အနုပညာရှင်တွေ ပါဝင်တဲ့ ရုပ်ရှင်တွေကို ပြသခွင့်မပြုဖို့ တင်းကျပ်ထားတယ်လို့လည်း သိရပါတယ်။

ဒါကြောင့် ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးထားတဲ့ “နိယာမအလွန်” ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်တဲ့ တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုရဲ့ ဇာတ်ဝင်ခန်းတွေကို ဖြုတ်ပြီး အစားထိုးရိုက်ကူးဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ ဗိုလ်မှူးသိန်းထွန်း ဦးဆောင်ရေးဆွဲတဲ့ ရုပ်ရှင်ဥပဒေသစ်ကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပြီး နောင်မှာ  “ရုပ်ရှင်အစည်းအရုံး” အစား “ရုပ်ရှင်ကောင်စီ” အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့လည်း အနုပညာလောက သတင်းရင်းမြစ်တခုက ပါတယ်။

ဒီဥပဒေသစ်ဟာ ဆင်ဆာဖြတ်တောက်မှုတွေကို ပိုမိုတင်းကျပ်သွားမှာဖြစ်ပြီး အနုပညာ လွတ်လပ်ခွင့်ကို လုံးဝပိတ်ပင်ထားတဲ့အတွက် မြန်မာ့ရုပ်ရှင်လောကဟာ အရည်အသွေးနိမ့်ကျပြီး အနှစ်သာရမရှိတဲ့ ဖျော်ဖြေရေးရုပ်ရှင်တွေသာ ထွက်ပေါ်လာတော့မဲ့ အခြေအနေကို ဆိုက်ရောက်နေတယ်လို့လည်း အနုပညာလောက သတင်းရင်းမြစ်တွေက  ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013