
သရုပ်ဆောင်ဒေါင်းနဲ့ လူမှုတရားမျှတရေးတက်ကြွလှုပ်ရှားသူ အက်စတာဇေနောတို့ ဦးဆောင်တဲ့ “တို့သစ်ပင်များ (Our Trees) ပညာရေးဖောင်ဒေးရှင်း” ကို ဒီကနေ့ မတ် ၇ ရက်နေ့မှာ တရားဝင် စတင်တည်ထောင်လိုက်ပြီလို့ သတင်းစာရှင်းလင်းပွဲကတဆင့် ကြေညာလိုက်ပါတယ်။
ဒီဖောင်ဒေးရှင်းကို သရုပ်ဆောင်ဒေါင်းရဲ့ ပြည်ပခရီးစဉ်တွေ သွားရောက်ခဲ့တဲ့ “Movie Night with Daung” အစီအစဉ်ကနေရရှိလာတဲ့ ရန်ပုံငွေတွေကို မတည်ပြီး စစ်ဘေးသင့်ဒေသက လူငယ်တွေနဲ့ တော်လှန်ရေးလူငယ်တွေရဲ့ ပညာရေးအတွက် အဓိက ရည်ရွယ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဖောင်ဒေးရှင်းကို အခြေတည်နိုင်ဖို့ ဩစတြေးလျ၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတို့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ “Movie Night with Daung” အစီအစဉ်တွေကနေရရှိခဲ့တဲ့ ထိုင်းဘတ် ၈၁၇,၇၇၃.၈၂ (မြန်မာကျပ်ငွေတန်ဖိုး သိန်း ၁,၀၀၀ လောက်) ကို ပညာရေးပဒေသာပင် မတည်ငွေအဖြစ် အသုံးပြုထားပြီး ဒီရန်ပုံငွေတွေကို တော်လှန်ရေးရန်ပုံငွေတွေနဲ့ မရောထွေးအောင် သီးသန့် စနစ်တကျ စီမံခန့်ခွဲထားတယ်လို့လည်း ဆိုပါတယ်။
“တို့သစ်ပင်များ” ဖောင်ဒေးရှင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ စစ်ဘေးဒဏ်သင့် လူငယ်တွေနဲ့ တော်လှန်ရေးမှာ ပါဝင်နေခြင်းကြောင့် ပညာရေးအခွင့်အလမ်း ဆုံးရှုံးနေရတဲ့ လူငယ်တွေအတွက် ပညာရေးလက်လှမ်းမီမှုကို ပိုမိုကျယ်ပြန့်စေဖို့ ဖြစ်တယ်လို့ သိရပါတယ်။
သရုပ်ဆောင်ဒေါင်းက ၂၀၂၂ ခုနှစ်အတွင်း တောတွင်းတနေရာမှာ PDF လူငယ်တွေနဲ့ တွေ့ဆုံခဲ့ချိန်မှာ လူငယ်တွေနဲ့ စကားပြောရင်း လူငယ်တွေရဲ့ အိပ်မက်တွေကို နားထောင်ခွင့်ရခဲ့ပြီး Our Trees ဖြစ်တည်လာတယ်လို့ ဆိုပါတယ်။
သရုပ်ဆောင် ဒေါင်းက “ဒီတော်လှန်ရေးကာလ အတွင်းမှာ သူတို့ ဖြစ်ချင်တဲ့... ဒီ တော်လှန်ရေးကြောင့် စွန့်လွှတ်ပြီးတော့ ထွက်လာခဲ့ကြတဲ့ လူငယ်တွေ၊ သူတို့ ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ သူတို့ ဖြစ်ချင်တဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းလမ်းစဉ်တွေကို တခုခု ထောက်ပံ့ဖြစ်မယ့် အရာတခုခုကို လုပ်နိုင်ရင် ကောင်းမယ်ဆိုတဲ့ စိတ်ကူးလေး ရှိခဲ့ပါတယ်။ ဆိုတော့ အဲဒီကနေပဲ ဆင်းသက်လာတယ်လို့ ပြောရမှာပါပဲ။ ကျနော် လုပ်ချင်တဲ့ အဓိက ဒီ Our Trees ကို ကျနော် ပါဝင်ရတဲ့ အဓိက ရည်ရွယ်ချက်နဲ့ ကျနော်တို့ Our Trees ဖြစ်ပုံလေးကတော့ ဒီလိုပါပဲ” လို့ ပြောပါတယ်။
လာမဲ့ ၂၀၂၆-၂၇ ခုနှစ်အတွင်း စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ဖို့ ရေရှည်ရန်ပုံငွေ ထူထောင်တာနဲ့ ပညာရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်တာ၊ နိုင်ငံတကာ ဘာသာစကား စာမေးပွဲတွေနဲ့ အောင်လက်မှတ်သင်တန်းတွေ၊ တက္ကသိုလ်ပညာရေးဆိုင်ရာ အထောက်အကူပြု အစီအစဉ်တွေအတွက် ပံ့ပိုးပေးတာနဲ့ ကျောင်းပြင်ပ ပညာရေးနဲ့ ပညာရေး အဆက်မပြတ်စေဖို့ ခက်ခဲသော ဒေသတွေမှာ သင်ကြားရေးပတ်ဝန်းကျင်နဲ့ အထောက်အကူပြုလုပ်ငန်းတွေကို ပံ့ပိုးတာ စတဲ့ လုပ်ငန်းစဉ်သုံးရပ်ကို ဆောင်ရွက်သွားမယ်လို့လည်း အက်စတာဇေနောက ရှင်းပြပါတယ်။
ဖောင်ဒေးရှင်းအနေနဲ့ ကူညီထောက်ပံ့ပေးသွားမဲ့ ဦးတည်အုပ်စုတွေကတော့ စစ်ဘေးသင့်ဒေသတွေက စစ်ရှောင်လူငယ်တွေ၊ ရပ်ရွာပံ့ပိုးရေး၊ ဒေသန္တရအုပ်ချုပ်ရေး၊ ဒေသကာကွယ်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ တော်လှန်လူငယ်တွေနဲ့ လွတ်မြောက်နယ်မြေတွေမှာ ရှိတဲ့ ပညာရေးအခွင့်အလမ်း နည်းပါးတဲ့ တော်လှန်လူငယ်တွေ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။


