
၁၅ ပေအမြင့်ရှိတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ရွှေရုပ်တု ငွေအကြေပေးချေဖို့ ကျန်နေတာနဲ့ ပတ်သက်ပြီး အငြင်းပွားနေပါတယ်။
အိုဟိုင်ရိုးမှာရှိတဲ့ ပန်းပုဆရာတယောက်က ထရမ့်ပ်ပုံတူ ရွှေရောင်ရုပ်တု ပြုလုပ်ခဲ့ပေမဲ့ အလုပ်အပ်သူတွေက ငွေအကြေပေးချေဖို့ ကျန်နေတာဖြစ်ပါတယ်။
ထရမ့်ပ်ပုံတူ ရွှေရုပ်တု ပြုလုပ်ပေးဖို့ ခရစ်ပ်တို ငွေကြေးရင်းနှီးမြှုပ်နှံသူအဖွဲ့က အပ်ခဲ့တာဖြစ်ပြီး ဒေါ်လာ ၉၀,၀၀၀ ပေးချေဖို့ ကျန်နေတာလို့ ပန်းပုဆရာ အလန်ကော်ထရယ်က ပြောပါတယ်။
၂၀၂၄ ခုနှစ် မဲဆွယ်ကာလမှာ ထရမ့်ပ်ကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံစဉ်က လက်သီးလက်မောင်းတန်းတဲ့ပုံစံ ရွှေရုပ်တုကို ဒီဇိုင်းဖော်ထားပါတယ်။
ဒီရုပ်တုကို ဒီဇင်ဘာ၊ ဇန်နဝါရီလလောက် ယူမယ်လို့ ခရစ်ပ်တိုအုပ်စုက ပြောခဲ့ပေမဲ့ ငွေအကြေမပေးရသေးတာကြောင့် ဒီရုပ်တုဟာ အိုဟိုင်ရိုးမှာပဲ ရှိနေပါတယ်။
အလန်ကော်ထရယ်တို့ အဖွဲ့ဟာ အချိန်မီပြီးစီးဖို့ နားရက်မယူဘဲ အလုပ်လုပ်ခဲ့ကာ အချိန်မီပြီးစီးအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ အလုပ်အပ်သူတွေက ငွေပေးချေဖို့ ကျန်ရှိနေတာပါ။
ဒီရုပ်တုပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး သူ့ဆီကို ဒေါသထွက်နေတဲ့စာတွေ၊ မက်ဆေ့ချ်တွေ ပေးပို့ခဲ့ကြတယ်လို့လည်း အလန်ကော်ထရယ်က ပြောပါတယ်။
သူဟာ ပန်းပုဆရာတယောက်ဖြစ်တာကြောင့် ကိုယ့်ရဲ့ နိုင်ငံရေးယုံကြည်မှုကို ဖုံးကွယ်ပြီး သူ့အလုပ်ကိုသာ လုပ်ခဲ့တာဖြစ်တယ်လို့လည်း အလန်ကော်ထရယ်က ရှင်းပြခဲ့ပါတယ်။
၁၅ ပေအမြင့်ရှိတဲ့ ကြေးရုပ်ကို ရွှေပြားကပ်ထားတဲ့ ထရမ့်ပ်ရဲ့ ရွှေရုပ်တုနဲ့ပတ်သက်ပြီး ခရစ်ပ်တို အဖွဲ့ရဲ့ တုံ့ပြန်မှုမရှိသေးဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
Source: Reuters


